မိုက်ကယ်အတ်ဝပ် ပြန်ရောက်လာရင် ထိပ်ဆုံး ရှင်းထုတ်ခံရမယ့် လီဗာပူး ကစားသမား (၃) ဦး

လီဗာပူးပိုင်ရှင်အဖွဲ့ FSG ကတော့ လာမယ့်ရက်ပိုင်းအတွက် ကလပ်ရဲ့ အားကစားဒါရိုက်တာဟောင်း မိုက်ကယ်အတ်ဝပ်ကို ရာထူးသစ်နဲ့အတူ အသင်းထံ ပြန်လည် ခေါ်ယူသွားမှာပါ။

အတ်ဝပ်ရဲ့ ရာထူးဟာ Director of Football Operations လို့ ယေဘုယျ သိသားရပြီး အားကစားဒါရိုက်တာ ရာထူးထက် တစ်ဆင့်မြင့်မှာဖြစ်ပါတယ်။ အတ်ဝပ်ဟာ လီဗာပူးအသင်းရဲ့ ဘောလုံဆိုင်ရာ ကိစ္စ အဝဝကို တာဝန်ယူခွင့်ရှိမှာဖြစ်ပါတယ်။

သူရောက်လာခဲ့ရင်တော့ လီဗာပူးအသင်း စီနီယာ ကစားသမား အချို့ ရှင်းထုတ်ခံရမယ်လို့ သတင်းကြီးနေပါတယ်။ အတ်ဝပ်ဟာ ရာသီကုန်ရင် စာချုပ်ကုန်တော့မယ့် ဂိုးသမား အတ်ဒရီယန်၊ ခံစစ်မှူး မာတစ်နဲ့ ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာတို့ကို အသင်းမှာ ဆွဲထားဖွယ် မရှိပါဘူး။

ကိန်းဂဏန်းကို ယုံကြည်တဲ့ အတ်ဝပ်ဟာ ၂၀၂၁ ခုနှစ်တုန်းက ဟန်ဒါဆန်ကို စာချုပ်သစ်ပေးတဲ့ ကိစ္စမှာ နည်းပြကလော့ပ်နဲ့ သဘောထားကွဲလွဲရာက အသင်းကနေ ထွက်ခွာခဲ့သူပါ။

ဒီတစ်ကြိမ် ပြန်ရောက်လာမယ့် အတ်ဝပ်ကတော့ တစ်ရာသီလုံးမှာ မိနစ် ၉၀ တစ်ပွဲတောင် ကစားပေးဖို့ အဆင်မပြေတဲ့ အသက် ၃၂ နှစ်အရွယ် သီယေဂိုကို စာချုပ်သစ်ပေးဖို့အစား အလွတ်ဖြင့် လက်လွတ်ခံလိုက်တာကမှ ပိုကောင်းတဲ့ ရွေးချယ်မှုဆိုတာ နားလည်ထားမှာပါ။

နည်းပြကလော့ပ်ကတော့ ACL ဒဏ်ရာကြောင့် ခွဲစိတ်ထားရတဲ့ မာတစ်ကို အသင်းဘက်က သက်တမ်းတိုးတာမျိုး မြင်လိုပေမယ့် အတ်ဝပ်ကတော့ ရွေးချယ်ဖွယ် မရှိပါဘူး။ တစ်နှစ်ချင်း သက်တမ်းတိုးလာတဲ့ အတ်ဒရီယန်ကိစ္စမှာလည်း အလားတူပဲ ဖြစ်ပါတယ်။

ဒီနွေမှာ ကလော့ပ်တို့ နည်းပြအဖွဲ့ ထွက်ခွာအပြီး လီဗာပူးလူစာရင်းအတွင်း သက်ကြီး ကစားသမားတွေအဖြစ် အယ်လီဆန်၊ ဆာလာနဲ့ ဗန်ဒိုက်တို့ကလွယ်ရင် ၃၀ အောက် ကစားသမား အများစုနဲ့ လူငယ်ကြယ်ပွင့်တွေပဲ ကျန်ရှိတော့မှာပါ။

ဒါဟာ မိုက်ကယ်အတ်ဝပ်၊ ရစ်ချက်ဟုချ်နဲ့ အလွန်ဆို (လီဗာပူးရဲ့ လက်ရှိ ဦးစားပေး) စတဲ့ လီဗာပူးခေတ်သစ်ကို ဦးဆောင်မယ့် ပုဂ္ဂိုလ် ၃ ဦးအတွက် ကောင်းသော အရွေ့ဖြစ်လာဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။