ဆာလာ၊ ဒါဝင်၊ ဆိုဘိုစလိုင်တို့နဲ့အတူ မန်စီးတီးပွဲမှာ ကလော့ပ် ထုတ်သုံးနိုင်တဲ့ ပွဲထွက် (၁၁) ဦး

မနက်ဖြန်ညမှာတော့ လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အဓိကကျတဲ့ ပွဲစဉ်အဖြစ် မန်စီးတီးကို အန်ဖီးကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

နည်းပြကလော့ပ်ဟာ အယ်လီဆန်၊ ထရန့်၊ ဂျုံး၊ ဂရာဗင်ဘက်ချ်၊ ဂျိုတာတို့ရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ခေါင်းခဲစရာ အနည်းငယ် ရှိနေဆဲဆိုပေမယ့် သူ့ရဲ့ အကောင်းဆုံး လူစာရင်းကို ရှာဖွေနိုင်ဦးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီပွဲအတွက် ဖြစ်လာနိုင်ဖွယ် လူစာရင်းကို ဖော်ပြသွားပါမယ်။

ခံစစ်

စပါတာ ပရာဟာပွဲမှာ ကိုနတေး ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး ကြိုတင်ပြင်ဆင်မှု အဖြစ် ထုတ်ခဲ့ခြင်းလို့ ယူဆရပါတယ်။ ကလော့ပ်ကတော့ ပြင်သစ်သား ဒီပွဲမှာ ပါဝင်နိုင်ရေး အကောင်းမြင်နိုင်ပါကြောင်း ထုတ်ပြောလာခြင်း မရှိပါဘူး။ ကိုနတေး အခြေအနေကို နောက်ဆုံးအချိန်ထိ စောင့်ကြည့်သွားပါလိမ့်မယ်။

ဂိုးသမားနေရာ ကလယ်ဟာ၊ ညာခြမ်းမှာ ဂိုးမက်စ်၊ ဗဟိုခံစစ်မှာ ကိုနတေး-ဗန်ဒိုက်၊ ဘယ်ခြမ်းမှာ ရော်ဘတ်ဆန်တို့ဖြစ်နိုင်ပြီး ကိုနတေး မပါနိုင်ရင်တော့ ဂိုးမက်စ်ကို ဗန်ဒိုက်နဲ့တွဲပေးကာ ညာအစွန်မှာ ဘရတ်ဒလေ ပါဝင်လာနိုင်ပါတယ်။

ကွင်းလယ်

လီဗာပူးကွင်းလယ်ဟာ ညာခြမ်း တစ်နေရာကလွဲရင် တည်ငြိမ်နေပါပြီ။ နံပါတ် ၆ နေရာ အန်ဒိုက ပုံမှန်ပွဲကစားခွင့်ရနေတယ်။ ဘယ်ခြမ်းမှာလည်း မာကာက အကောင်းဆုံး ခြေစွမ်းပြနေပါတယ်။ ဒီတလော ဟာဗေးရဲ့ ခြေစွမ်း မဆိုးလှပါဘူး။

ဒီပွဲမှာတော့ အန်ဒိုနဲ့ မာကာပဲ ဆက်ပါခွင့်ရပြီး ယူရိုပါလိဂ်မှာ ပွဲချိန်ပြည့် ကစားခဲ့တဲ့ ဟာဗေးနေရာ ဆိုဘိုစလိုင် ပါဝင်လာဖွယ် ရှိပါတယ်။

တိုက်စစ်

ဆာလာ မရှိချိန်မှာ ဂျိုတာထံက အကောင်းဆုံး ခြေစွမ်းတွေ မြင်ခဲ့ရပေမယ့် သူလည်း ဒဏ်ရာရသွားပါတယ်။ ဂျိုတာပါ မရှိတော့ချိန် တိုက်စစ်မှာ ဒါဝင်က မရှိမဖြစ် ကစားသမားမျိုး ဖြစ်လာနေပါတယ်။ မန်စီးတီးပွဲမှာတော့ ဒီယက်စ်၊ ဒါဝင်၊ ဆာလာတို့ပဲ ပွဲထွက်ခွင့်ရမှာ ဖြစ်ပါတယ်။