လီဗာပူးအသင်းဟာ မန်စီးတီးကို ရင်ဆိုင်ကစားရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဆာလာ၊ ထရန့်၊ အီဘူးတို့ကို မသုံးနိုင်တာကြောင့် ဟာဗေး၊ ဘရတ်ဒလေ၊ ကွမ်းဆက်တို့ကို ပွဲထွက်ကနေ အသုံးပြုခဲ့ပါတယ်။
ဒီနှစ်ထဲမှာ ဟာဗေးနဲ့ ဘရတ်ဒလေတို့ ပွဲထွက်ကနေ ဆက်တိုက်ပါနေတာ ထူးတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် စီးတီးပွဲမှာ သူတို့ကို ထည့်သုံးမယ့် လူစာရင်း ထွက်လာချိန် ဆာလာနေရာ ဟာဗေးဆိုတာ မြင်ခဲ့ကြတော့ ဒီပွဲတော့ ရှုံးပြီ၊ ခံရတော့မယ်ဆိုတဲ့ မှတ်ချက်တွေပဲ များပြားခဲ့တာပါ။
ပရိသတ်တွေရဲ့ အမြင် လုံးဝ လွဲမှားသွားအောင် သူတို့ လုပ်ပြခဲ့တာက အတော်လေး ချီးကျူးဖို့ ကောင်းပါတယ်။
ပထမပိုင်း ၅ မိနစ်အတွင်းမှာပဲ အားအနည်းဆုံးလို့ ဆိုရမယ့် လီဗာပူး ညာခြမ်းကို ပစ်မှတ်ထားပြီး မန်စီးတီးက ၄ ကြိမ်ထိ ထိုးဖောက်ခဲ့ပါတယ်။ ဒီညာခြမ်းနဲ့တော့ သွားပြီလို့ ထင်ခဲ့ရသလို နောက်ထပ် ပထမပိုင်း ၁၀ မိနစ်အတွင်း ၆ ကြိမ်ထိ ညာခြမ်းက ထိုးဖောက်ခံခဲ့ရပါတယ်။
အဲ့နောက်ပိုင်း စီးတီးဟာ လီဗာပူးညာခြမ်းကို ထိုးဖောက်ဖို့ ထင်သလောက် မလွယ်မှန်း နားလည်ခဲ့တာမို့ ဘယ်ခြမ်းနဲ့ ဗဟိုဘက်တွေကပါ ပြောင်းလဲ ထိုးဖောက်ခဲ့ပါတယ်။
ပွဲအစ ၁၀ မိနစ်အတွင်း ညာခြမ်းကနေ ဘရတ်ဒလေ၊ ကွမ်းဆက်၊ မာကာ၊ ဟာဗေးတို့ တောင့်ခံသွားမှုက ဒီပွဲအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ မာကာနဲ့ ဟာဗေးတို့ရဲ့ ဆက်တိုက် ဖိအားပေးမှုနဲ့ အင်ပြည့်အားပြည့် ကစားမှုကပဲ စီးတီးကို ပြန်လှန်နိုင်တဲ့အထိ ချိတ်ဆက်ကစားမှု ဖြစ်ခဲ့ပါတယ်။
အထူးသဖြင့် ဒုတိယပိုင်းမှာ ဟာဗေး၊ မာကာ၊ အန်ဒို တွဲလုံးက တစ်ဆင့် လီဗာပူးရဲ့ အကောင်းဆုံး ဖိအားပေးမှုမျိုး မြင်ရပြီး စီးတီးလို အသင်းက ဘောလုံးကို ကြုံသလို ကန်ထုတ်နေရလို့ ဂွာဒီယိုလာ အကြီးအကျယ် စိတ်ပျက်နေတဲ့ မြင်ကွင်းက အတော်လေး အရသာရှိပါတယ်။ ဒီပွဲမှာ ဒီ ၃ ယောက်ရဲ့ ကစားအားက ကြောက်ဖို့တောင် ကောင်းပါတယ်။
Harvey Elliot putting in a first half performance Bernardo Silva would be proud of at the moment. Every touch and pass has been faultless so far, his movements inside have caused chaos for City as its overloaded the middle of the park and given space to Bradley to do his work 1 v… pic.twitter.com/QyRp0l6zq9
— Pythagoras In Boots ⚽️ (@pythaginboots) March 10, 2024
ခံစစ်ကို ကြည့်ရင်လည်း ဗန်ဒိုက်က အတော်လေးကို ထူးချွန်ပါတယ်။ ခံစစ်ကြောင်းကို တောက်လျှောက် အမိန့်ပေးနေပြီး သူ့ရဲ့ ဦးဆောင်မှုနဲ့ ကွမ်းဆက်၊ ဘရတ်ဒလေတို့ဟာ ပွဲကြီး အတွေ့အကြုံနည်းပေမယ့် အတော်လေး အတက်အဆင်း အခုအခံ ကစားနိုင်ကြပါတယ်။
ဘရတ်ဒလေရဲ့ အချို့အခိုက်အတန့်ကတော့ သမ္ဘာနည်းတာမို့ နှမျောစရာကောင်းတာမျိုး ရှိခဲ့ပါတယ်။ သူနဲ့ ကွမ်းဆက်တို့ထံက ဒီလောက်ကောင်းတဲ့ ကျစ်ကျစ်လစ်လစ် ကစားမှုမျိုး မြင်ရမယ် မထင်မှတ်ထားပါဘူး။
ဒီပွဲမှာတော့ လူငယ်တွေကြောင့် အရမ်းကြီး မျှော်လင့်မထားပေမယ့် လီဗာပူး ညာခြမ်းဟာ ကောင်းကောင်းကြီး အလုပ်ဖြစ်ခဲ့သလို စီးတီးကို အန္တရာယ်တွေ ပေးခဲ့တယ်လို့ မြင်မိတာပါပဲ။