ဂွာဒီယိုလာ ပြောသလို လီဗာပူးက ၈ နှစ်အတွင်း အီသီဟတ်မှာ နိုင်ပွဲ မရဖူးဘူးလား

အန်ဖီးမှာ ၁-၁ သရေကျတဲ့ ပွဲအပြီးမှာ နည်းပြဂွာဒီယိုလာက အနီရောင်တွေအတွက် ၁၂ ယောက်မြောက် ကစားသမားအဖြစ် ပရိသတ်တွေက တွန်းအားပေးနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် အီသီဟက်ရဲ့ အားပေးမှုကလည်း ပြင်းထန်လှပြီး အန်ဖီးထက် မညံ့ပါဘူးလို့ နှိုင်းယှဉ်ခဲ့တယ်။ နောက်ဆက်တွဲအဖြစ် အီသီဟက်မှာ လီဗာပူးတို့ မနိုင်ဖူးတာ ၈ နှစ်ရှိပါပြီလို့ ဂွာဒီယိုလာရဲ့ ပြောဆိုခဲ့ခြင်းက အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။

စီးတီးနည်းပြကတော့ ” အန်ဖီးက ခက်ခဲတာ ကျနော်တို့ သိပါတယ်။ အီသီဟက်လည်း ခက်ခဲတာပဲလေ။ လီဗာပူးဆို ကျနော်တို့ကွင်းမှာ အနိုင်မရတာ ၈ နှစ်တောင် ရှိနေပါပြီ ” လို့ ပွဲအပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ နည်းပြကလော့ပ် လက်ထက် အီသီဟက်မှာ နိုင်ပွဲ ၃ ပွဲ ယူခဲ့ဖူးပါတယ်။ တစ်ကြိမ်က ၂၀၁၅ တုန်းက ပရီးမီးယားလိဂ်ဖြစ်ကာ၊ တစ်ကြိမ်က ၂၀၁၈တုန်းက ချန်ပီယံလိဂ်နဲ့ နောက်ဆုံး တစ်ကြိမ်က ၂၀၂၂ အက်ဖ်အေဖလားတို့ဖြစ်ပါတယ်။

၂၀၁၅ တုန်းက မန်စီးတီးနည်းပြက ပယ်လီဂရီနီဖြစ်ကာ ဖလား ပွဲ ၂ ကြိမ်မှာတော့ မန်စီးတီးနည်းပြက ဂွာဒီယိုလာဖြစ်ပါတယ်။ ဒါကြောင့် ဂွာဒီယိုလာရဲ့ ပြောဆိုတဲ့ ၈ နှစ်အတွင်း အီသီဟတ်မှာ နိုင်ပွဲမရဘူးဆိုတာ ပရီးမီးယားလိဂ်ဆိုရင် မှန်ပေမယ့် ရာနှုန်းပြည့်တော့ မှန်နေတာ မဟုတ်ပါဘူး။

ဂွာဒီယိုလာဟာ သူ့ရဲ့ မန်စီးတီးနည်းပြဘဝမှာ အန်ဖီးကွင်းထံ ၁၂ ကြိမ် လာကစားရာမှာတော့ ၂၀၂၁ ခုနှစ်က ၄-၁ နဲ့ တစ်ကြိမ်ပဲ အနိုင်ရဖူးပါတယ်။ အဲ့တစ်ကြိမ်က ကိုဗစ်ကာလဖြစ်လို့ ပရိသတ်မရှိတဲ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးပရိသတ်တွေ ရှိနေသမျှ အန်ဖီးမှာ အနိုင်ရဖို့ဆိုတာ ဂွာဒီယိုလာ အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာအဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။