ဆောင်းပါး – မန်စီးတီး၊ ချယ်ဆီးတို့ရဲ့ အထောက်အပံ့ကောင်းမျိုး လိုက်မှီဖို့ အရှိန်ရလာနေတဲ့ လီဗာပူး

လီဗာပူးအသင်းကို ၂၀၁၁ မှာ အမေရိကန်အဖွဲ့ FSG ဝယ်ယူပြီးနောက် အသင်းကို တည်ဆောက်မှုအသစ်တွေ၊ အုပ်ချုပ်မှုပုံစံ အသစ်တွေဖြင့် စတင်လာခဲ့ရာမှာ ဒီကနေ့မှာတော့ ထိပ်တန်းအသင်းတွေရဲ့ အခြေခံ အုတ်မြစ်တွေကို စတင်ပိုင်ဆိုင်လာပြီဖြစ်ပါတယ်။

FSG က သူတို့ အစောပိုင်း ဝယ်ယူခဲ့စဉ်မှာ ထိပ်သီးအသင်းတွေကြားမှာ နိမ့်ကျနေတဲ့ ပွဲနေ့ဝင်ငွေပိုင်းနဲ့ ပရိသတ်တွေကို ဧည့်ဝတ်ကျေစွာ ဧည့်ခံနိုင်မှုပိုင်းအတွက် အန်ဖီးကွင်းကို အကြီးစားတိုးချဲ့မှု၊ မော်ဒန်ခေတ် ထိပ်တန်းကလပ်တွေမှာ ရှိသင့်တဲ့ အားကစားလေ့ကျင့်ရေးစင်တာ၊ အသင်းပိုင် စတိုးဆိုင် အစရှိတာတွေကို တည်ဆောက်နေရင်း တစ်ပြိုင်နက်မှာ ပထမအသင်းလူစာရင်းနဲ့ အကယ်ဒမီရဲ့ ပံ့ပိုးပေးနိုင်စွမ်းတွေကိုလည်း လီဗာပူးက စတင် တည်ဆောက်လာခဲ့ပါတယ်။

ဒါတွေအတွက် စီမံနေစဉ်မှာပဲ ကာလရှည် ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ ဆုဖလား စိန်ခေါ်နိုင်စွမ်းတွေကို ရယူနိုင်ဖို့ရာ ရေတို ကုစားမှုအဖြစ် မန်နေဂျာကင်နီအတွက် အသုံးစရိတ်ကြီးတွေ ချပေးခဲ့ပါတယ်။ အခြားတစ်ဘက်မှာတော့ အသင်းကို သင့်လျော်စွာ စီမံနိုင်မယ့် လူငယ်မန်နေဂျာသစ်တွေကို ရှာဖွေမှုနဲ့အတူ ဘရန်ဒန်ရော်ဂျာ၊ ယာဂင်ကလော့ပ်တို့ဟာ လီဗာပူးမန်နေဂျာရာထူးကို တာဝန်ယူခွင့်တွေ ရရှိလာခဲ့တယ်။

ရေရှည်အစီအစဉ်တွေအတွက် ရည်ရွယ်ပြီး ၂၀၁၄ ဒီဇင်ဘာမှာ စတင်တည်ဆောက်ခဲ့တဲ့ အဓိက ပွဲကြည့်စင်ကို ၂၀၁၆ စက်တင်ဘာမှာတော့ တရားဝင် စတင်ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒါကြောင့်ပဲ ယခင် ပရိသတ် ၄၆၀၀၀ ကျော်ပဲဆံ့တဲ့ ကွင်းဟာ ပရိသတ် ၅၄၀၀၀ ကျော်ဆံ့ ကွင်းကြီးဖြစ်လာခဲ့တယ်။ ၂၀၁၆ မေလမှာ ကလပ်ရဲ့ စူပါစတိုးနဲ့ “fan zone” အတွက် ရည်ရွယ်တဲ့ တိုးချဲ့တည်ဆောက်မှုတွေကို စတင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ အစပိုင်းမှာ အပြီးသတ်နိုင်ခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုပဲ ၂၀၁၇ မှာ မဲဝုဒ်လေ့ကျင့်ရေးကွင်းဟာ တိုးချဲ့တည်ဆောက်ဖို့ နေရာအခက်အခဲ ရှိနေတာကြောင့် အကယ်ဒမီကျောင်းရှိရာ ခါဘီမှာပဲ စီနီယာအသင်းအတွက် လေ့ကျင့်ရေးစင်တာသစ် တည်ဆောက်မယ့်ကိစ္စကို အသင်းဘက်က တရားဝင် ကြေညာခဲ့တယ်။ ၂၀၁၈ မှာ တည်ဆောက်မှု စတင်ခဲ့ကာ ကိုဗစ်ကပ်ဘေးကြောင့် ၂၀၂၀ နိုဝင်ဘာကျမှပဲ အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကလပ်ရဲ့ တိုးချဲ့မှုကို ရပ်တန့်မနေဘဲ ဒီလကပဲ နောက်ထပ် ပွဲကြည့်စင်ဖြစ်တဲ့ The Anfield Road ကို တိုးချဲ့မှုတွေ ထပ်မံ စတင်ထားခဲ့ပြီဖြစ်ပါတယ်။ ရည်မှန်းချက်တွေအတိုင်း တည်ဆောက်နိုင်ခဲ့မယ်ဆိုရင်တော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအစမှာ အန်ဖီးကွင်းဟာ အနည်းဆုံး ပရိသတ် ၆၁၀၀၀ ဧည့်ခံနိုင်မယ့် ဗြိတိန်ရဲ့ ထိပ်တန်းကွင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

မော်ဒန် ဘောလုံးလောကမှာ လူရိုသေရှင်ရိုသေအဖြစ် တိုးဝင်နိုင်ဖို့က လေ့ကျင့်ရေးစင်တာကောင်းတွေ၊ အိမ်ကွင်းကောင်းတွေ ပိုင်ဆိုင်ခြင်းလောက်နဲ့ မလုံလောက်ပါဘူး။ နောက်ထပ် အရေးပါလာတာက အကယ်ဒမီကို စီမံခန့်ခွဲနိုင်စွမ်းဖြစ်လာပါတယ်။ စီနီယာအသင်းကို အထောက်အပံ့ပေးဖို့ရာ အကယ်ဒမီကို ဘယ်လောက်ထိ အသုံးချနိုင်မလဲဆိုတာက အရေးကြီး ကိစ္စဖြစ်လာခဲ့တယ်။

၂၀၁၁ မှာ လီဗာပူးအသင်းကို FSG လွဲယူခဲ့ကတည်းက အကယ်ဒမီ တိုးတက်ရေးအပိုင်းကို အာရုံစိုက်လာခဲ့ပြီး မြင်သာတဲ့ အကျိုးဖြစ်ထွန်းမှုက ယာဂင်ကလော့ပ် လက်ထက်လို့ ဆိုရမယ့် ၂၀၁၆ ခုနှစ် တစ်ဝိုက်မှာ ဖြစ်မြောက်လာခဲ့ပါတယ်။

ဒီအပိုင်းနဲ့ ပတ်သက်လို့ The Athletic သတင်းထောက် ဂျိမ်းပီယော့ဇ်ရဲ့ ဖော်ပြမှုကို ကိုးကားရမယ်ဆိုရင် ၂၀၁၆ မှာ လီဗာပူးအသင်းက Jordon Ibe ကို ဘုန်းမောက်ထံ ပေါင် ၁၅ သန်း၊ Brad Smith ကို ဘုန်းမောက်ထံ ပေါင် ၆ သန်း၊ Sergi Canos ကို ဘရတ်ဖိုဒ့်ထံ ပေါင် ၄.၅ သန်းဖြင့် ရောင်းထုတ်ပြီး အကယ်ဒမီကနေ အကျိုးအမြတ်ကြီးတွေ စတင်ရရှိလာခဲ့ပါတယ်။

၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ စပါးကနေ အလွတ်ခေါ်ယူထားတဲ့ Kevin Stewart ကို ဟူးစီးတီးထံ ပေါင် ၆ သန်း၊ Andre Wisdom ကို ဒါဘီအသင်းထံ ပေါင် ၄.၅ သန်းတို့ဖြင့် ရောင်းထုတ်ခဲ့တယ်။ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာတော့ Danny Ward ကို လက်စတာထံ ပေါင် ၁၂.၅ သန်း၊ Dominic Solanke ကို ဘုန်းမောက်အသင်းထံ ပေါင် သန်း ၂၀ ဖြင့် ရောင်းထုတ်ခဲ့တယ်။ ဆိုလန်ကီဟာ ကလပ်ရဲ့ အကယ်ဒမီထွက် စစ်စစ်တစ်ယောက် မဟုတ်ဘဲ ချယ်ဆီးကနေ ခေါ်ယူကာ လီဗာပူးက ပရိုစာချုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ Ryan Kent ကို ရိန်းဂျားထံ ပေါင် ၇.၅ သန်းဖြင့် ရောင်းထုတ်ခဲ့တယ်။ မနှစ်ကရာသီမှာ Rhian Brewster ကို ရှက်ဖီးထံ ပေါင် ၂၃.၅ သန်း၊ Ki-Jana Hoever ကို ဝုဗ်အသင်းထံ ပေါင် ၁၃.၅ သန်း၊ Ovie Ejaria ကို ရီးဒင်းထံ ပေါင် ၃.၅ သန်း၊ Herbie Kane ကို ဘရတ်စလေအသင်းထံ ပေါင် ၁.၂၅ သန်းတို့ဖြင့်ေ ရာင်းထုတ်ခဲ့တယ်။

ဒီနွေမှာတော့ ဂိုးသမား Grabara ကို ပိုလန်အသင်းထံ ပေါင် ၃ သန်း၊ တိုက်စစ်သမား Liam Millar ကို ဘေဆဲလ်အသင်းထံ ပေါင် ၁.၃ သန်း၊ Harry Wilson ကို ဖူလ်ဟမ်အသင်းထံ ပေါင် ၁၂ သန်း (အငှားချခဲ့စဉ်က ပေါင် ၅ သန်း ရရှိခဲ့ဖူး) တို့ဖြင့် ရောင်းထုတ်ခဲ့တာဖြစ်တယ်။ ထပ်ပြီးလည်း နက်ဖီးလစ် (ပေါင် ၁၅ သန်း)၊ နီကိုး (ပေါင် ၁၀ သန်း) တို့ကလည်း လီဗာပူးကနေ ထွက်ခွာနိုင်တဲ့ ကစားသမားတွေဖြစ်ပါတယ်။

အကယ်ဒမီထွက်တွေကို ရောင်းထုတ်ခြင်းဖြင့် စီနီယာအသင်းကို ပံ့ပိုးပေးနိုင်ဖို့ ကြိုးစားနေတာနဲ့ ပတ်သက်လို့ အကယ်ဒမီအကြီးအကဲ Inglethorpe က “ ကျနေ်ာတို့ရဲ့ နည်းလမ်းအတိုင်း သွားနိုင်ဖို့ လိုပါတယ်။ ကျနေ်ာတို့က ပထမအသင်းကို တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အထောက်အပံ့ ပေးလိုပါတယ်။ အကယ်ဒမီ ကစားသမားတွေကို ရောင်းထုတ်ရာက ရလာတဲ့ ငွေကြေးတွေက အသင်းကို ပြန်လည် ရင်းနှီးမြုပ်နှံငွေတွေ ရစေပါတယ် ” လို့ မနှစ်တုန်းက ဖွင့်ဟထားခဲ့တယ်။

ဒီနွေ နောက်ဆုံး ရောင်းထုတ်ထားမှုအဖြစ် ဟယ်ရီဝဲလ်ဆန်ကို ရောင်းထုတ်အပြီးမှာ လီဗာပူးအသင်းဟာ ကုန်ခဲ့တဲ့ ၅ ရာသီအတွင်း အကယ်ဒမီ ကစားသမား ရောင်းထုတ်ရေးကနေ ပေါင် ၁၂၀ သန်း ထိကို ရရှိခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးဟာ အဆိုပါ အကယ်ဒမီ ကစားသမားတွေကို ရောင်းထုတ်မှုကနေ နောက်ထပ် ရာနှုန်းခံစားခွင့်တွေကိုလည်း ထည့်သွင်း ချုပ်ဆိုထားခဲ့တယ်။

အကယ်ဒမီ အသင်းသား ရောင်းထုတ်ရေးတွေကနေ အကျိုးအမြတ်ရရေး ကြိုးစားနေခြင်းတွေ အရှိန်ကောင်းနေပေမယ့် ဒီလိုတွေ လုပ်နိုင်နေတာက လီဗာပူးတစ်သင်းတည်း မဟုတ်သလိုလီဗာပူးတစ်သင်းတည်းကပဲ အကျိုးအမြတ်ရနေတာလည်း မဟုတ်ပါဘူး။ တကယ်တမ်းမှာတော့ လီဗာပူးရဲ့ အကယ်ဒမီ အကျိုးဖြစ်ထွန်းမှုက ပြိုင်ဘက်တွေနောက်မှာပဲ ရှိနေသေးတာဖြစ်တယ်။

ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ၂၀၁၈ ခုနှစ်မှာ ပရီးမီးယားလိဂ်ကြီး ၆ ကြီးဟာ စီနီယာအဆင့် အတွေ့အကြုံမရှိတဲ့ အကယ်ဒမီ အသင်းသားတွေ အပါအဝင် လူငယ်ပေါင်း ၄၂ ဦးကို ရောင်းထုတ်ရာမှာ ပြောင်းရွှေ့ကြေး ပေါင် ၁၁၃.၇ သန်း ရခဲ့ပါတယ်။ မန်ချက်စတာကလပ် မန်စီးတီးအသင်းရဲ့ ရောင်းချမှုတင်ပဲ ပေါင် ၇၁ သန်းဖြစ်ပါတယ်။

ဒီနွေမှာ အကယ်ဒမီကစားသမား ရှင်းထုတ်မှုကနေရထားတဲ့ ပေါင် သန်း ၅၀ ကို ထည့်မတွက်ပါဘဲ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၅ ခုကနေ မန်စီးတီးရဲ့ အကယ်ဒမီကစားသမား ရောင်းထုတ်မှုက ပေါင် သန်း ၁၅၀ ကျော်ရှိပါတယ်။ မန်စီးတီးရဲ့ ဒီနွေအတွက် အကယ်ဒမီနဲ့ လူငယ်ကစားသမား ရောင်းထုတ်မှုကနေ ရဖို့ ရည်မှန်းထားတဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၁၀၀ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာလည်း ၂၀၁၂ ကနေ ၂၀၁၇ ကြား အကယ်ဒမီ ကစားသမား ရောင်းထုတ်မှုကနေ ရခဲ့တဲ့ ငွေကြေးက ပေါင် ၁၀၇.၆ သန်း ဖြစ်ပါတယ်။ ဒီနွေမှာလည်း ချယ်ဆီးအသင်းဟာ အကယ်ဒမီကစားသမား ရောင်းချမှုကနေ ပေါင် သန်း ၅၀ နီးပါး ရထားပြီဖြစ်ကာ အေဘရာဟမ်ကို ပေါင် သန်း ၄၀ နဲ့ ရောင်းထုတ်ဖို့ ကြိုးစားနေသေးတာဖြစ်တယ်။

ဒါတွေကို ကြည့်မယ်ဆိုရင် လီဗာပူးအသင်းဟာ အကယ်ဒမီကစားသမား ရောင်းထုတ်မှုကနေ အကျိုးအမြတ် စတင်ရလာပေမယ့် ပြိုင်ဘက်အသင်းတွေ လုပ်ထားနိုင်တာတွေကို လိုက်မှီဖို့တော့ လိုအပ်နေဆဲဆိုတာ မြင်သာမှာဖြစ်တယ်။ ဒါပေမယ့်လည်း အကယ်ဒမီ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အင်အားတွေကို အကျိုးရှိရှိ အသုံးချကာ ကလပ်ရဲ့ စနစ်တွေ ကောင်းမွန်စွာ လှည့်ပတ်နိုင်ဖို့ အထောက်အပံ့ကောင်းဖြစ်လာပြီဆိုတာအတွက် သက်သေကောင်းတွေ မြင်တွေ့လာရပြီဖြစ်ပါတယ်။