လီဗာပူးကစားသမား ၂ ဦးကြောင့် ဒီဘရိုင်းကို လူစားလဲခဲ့ရပါကြောင်း ဝန်ခံခဲ့တဲ့ ဂွာဒီယိုလာ

အန်ဖီးကွင်းက သရေပွဲမှာ ဒီဘရိုင်းကို လူစားလဲခဲ့ရတာဟာ လီဗာပူးရဲ့ တောက်လျှောက် ထိုးဖောက်မှုကို အလူးအလဲခံနေရခြင်းအား ကာကွယ်ဖို့ဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။

ဒီဘရိုင်းက သူ့ကို လူစားလဲတာကြောင့် အတော်လေး စိတ်ဆိုးခဲ့ပေမယ့် ဘယ်ဂျီယံသားကို ထုတ်ပြီး ကစားကွက် မချိန်းရင် မန်စီးတီးက အကြီးအကျယ် တွယ်ခံရတော့မယ် အနေအထားကို ကျရောက်ခဲ့တာပါ။

‘ ဒီဘရိုင်း စိတ်ဆိုးနေတာကို ကျနော် ပျော်ပါတယ်။ ဒါမျိုး မြင်ချင်တာပါ။ အခုတော့ သူစိတ်ပြေသွားပါပြီ။ ကျနော်တို့ ဘာလိုနေလဲ သိပါတယ်။ ကျနော်တို့ ဘောလုံးကစားရဖို့ လိုတောပါ။ ဒီဘရိုင်းကို ထုတ်လိုက်တော့ ကျနော်တို့ ပိုကောင်းသွားပါတယ် ‘ လို့ ပြောပါတယ်။

ဂွာဒီယိုလာက ‘ ဂိုးမရခင် ပွဲအစမှာ ကျနော်တို့ အစကောင်းခဲ့ပါတယ်။ သိပ်ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ပထမပိုင်းပြီးမှာတော့ ကစားရ ပိုခက်ခဲလာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးဘက်က အန်ဒိုနဲ့ မာကာတို့ကြောင့်ပါ။

သူတို့ နှစ်ဦးကြောင့် လီဗာပူးက ပိုတိုက်ရိုက် ကစားနိုင်သလို ပေးချက်တွေလည်း ပိုလုပ်လာနိုင်ပါတယ်။ ဒုတိယပိုင်းမှာတော့ အန်ဖီးကွင်းမှာ ဘောလုံးကိုင်ကစားဖို့ အချိန်ကို မရတော့ပါဘူး။

ကျနော်တို့ ပင်နယ်တီ ပေးလိုက်ရတယ်။ အဲ့နောက် ၁၅-၂၀ မိနစ် လောက်မှာ လီဗာပူးဘက်က တောက်လျှောက် တောက်လျှောက် တက်လာလိုက်တာများ ဆူနာမီလှိုင်းတွေ ကျနေတာပါပဲ။ တစ်သင်းလုံး တက်လာတာ၊ သူတို့ပဲ ဘောလုံးရရသွားသလို လုပ်သလိုဖြစ်နေခဲ့ပါတယ်။

လီဗာပူးက ကောင်တာ-ဖိအားပေးမှုနဲ့ ဖိအားပေးခြင်းတွေမှာ သိပ်ကောင်းပါတယ်။
ဒါပေမယ့် ဒီဘရိုင်းကို လူစားလဲပြီး ကိုဗာဆစ်ကို ထည့်ချိန်မှာ ကျနော်တို့ ဘောလုံး ပြန်ကစားလာနိုင်ပါတယ်။ ‘ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။