မန်စီးတီးလို လက်ရှိ ချန်ပီယံအသင်းကို ခြေအသာစီးဖြင့် ပယ်ပယ်နယ်နယ် ဒုက္ခပေးခဲ့တဲ့နောက် လီဗာပူးအသင်းရဲ့ စွမ်းဆောင်ရည်ကို ကလော့ပ်က အလေးအနက် ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။
ကလော့ပ်က ” ကျနော်တို့ သိပ်ကိုထူးချွန်ပါတယ်။ ပထမပိုင်း ၁၀ မိနစ်လောက်မှာ ကျနော်တို့ နည်းနည်းလေး ပြာသွားခဲ့တယ်။ မန်စီးတီးက တိုက်ရိုက်ကို ထိုးဖောက်နေခဲ့တာပါ။
ဒုတိယပိုင်းကတော့ မန်စီးတီးကို ရင်ဆိုင်ခဲ့ဖူးသမျှ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ ယှဉ်ပြိုင် ကစားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ သိပ်ကောင်းပါတယ်။ သူတို့ တိုင်ထိခဲ့တယ်ဆိုပေမယ့် ကျနော်တို့ကလည်း ၂ ဂိုး၊ ၃ ဂိုးလောက်ထိ သွင်းနိုင်ခဲ့သင့်ပါတယ်။ သိပ်ကောင်းတဲ့ပွဲကောင်းပါပဲ။
ကျနော်အတွက်ကတော့ ဒီနေ့ဟာ လီဗာပူး ရှိနေရမယ့် နေရာကို ၁၀၀% ပြသနိုင်တဲ့ နေ့လို့ ထင်ပါတယ်။ ကျနော်တို့ တိုက်ခိုက်ပြခဲ့တယ်၊ ဘယ်အဆင့်ထိ ရောက်နိုင်တယ် မြင်သာစေခဲ့ပါတယ်။
ဒီနေ့ပွဲလောက် မန်စီးတီးတို့ အလူးအလဲ ရုန်းကန်ရတာမျိုး ကျနော် တစ်ကြိမ်မှကို မမြင်ဖူးပါဘူး။ ကျနော်တို့ သိပ်ကောင်းခဲ့ပါတယ်။
ရလဒ်တွေအားလုံးရဲ့ အရင်းအမြစ်က စွမ်းဆောင်ရည်ပါပဲ။ ဒီကောင်းတဲ့ ကိစ္စတွေကို ကျနော်တို့ ဆက်လုပ်နိုင်ဖို့ လိုပါတယ် ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ဒီပွဲ သရေရလဒ်ကြောင့် လီဗာပူးအသင်းဟာ အဆင့် ၂ နေရာကို ဆင်းခဲ့ရပေမယ့် ပွဲစဉ်ဇယားမှာတော့ ဖလားစိန်ခေါ်ဘက် ၂ သင်းလုံးနဲ့ ထိပ်တိုက်တွေ့ထားခဲ့ပြီ ဖြစ်ပါတယ်။