လီဗာပူးအသင်းရဲ့ နောက်ဆုံး ၂ ပွဲမှာ ပင်နယ်တီ ၂ ကြိမ်ကို တာဝန်ယူခဲ့တဲ့နောက် မာကာဟာ ပင်တိုင်တာဝန်ယူခွင့်ကို သဘောကျမလားလို့ မေးခွန်းထုတ်ခံရပါတယ်။
၂ ပွဲလုံးမှာ ပင်နယ်တီ ကန်သွင်းရချိန် ဒါဝင် ရှိနေခဲ့သလို မန်စီးတီးပွဲမှာဆိုရင် ဆိုဘိုစလိုင်လည်း ကွင်းထဲ ရှိနေခဲ့တာပါ။ မာကာဟာ သူတို့ နှစ်ဦးကို ကျော်ပြီး တာဝန်ယူခွင့်ရခဲ့သလို ဂိုးအဖြစ်လဲ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လို့ လီဗာပူးအသင်းရဲ့ ပင်နယ်တီ ပင်တိုင် ကစားသမားကတော့ ဆာလာပဲ ဖြစ်နေဦးမယ်လို့ ကစားသမားဘဝ ပင်နယ်တီ ၁၃ ကြိမ်ကန်ရာမှာ ၁ ကြိမ်ပဲ လွဲဖူးသေးတဲ့ မာကာက ပြောလာပါတယ်။
🇦🇷 🔴 Alexis Mac Allister's penalty – as seen from the stands at Anfield! pic.twitter.com/ohSlXS04Sk
— This Is Anfield (@thisisanfield) March 10, 2024
မာကာက “ ဘရိုက်တန်အတွက် ကစားတုန်းက ဝုဗ်နဲ့ပွဲမှာ တစ်ကြိမ် လွဲခဲ့ဖူးပါတယ်။ အဲ့ပွဲမှာပဲ တစ်ပွဲတည်း ပင်နယ်တီ ၂ ကြိမ်ရခဲ့ပြီး နောက်တစ်ကြိမ်မှာတော့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ပင်နယ်တီတွေ တာဝန်ယူရတာကို ကျနော် သဘောကျပါတယ်။ ကျနော်တို့ မိုကို လေးစားမှု ပေးရမှာပါ။ သူက လီဗာပူးအတွက် အချိန်အကြာကြီး ပင်နယ်တီ တာဝန်ယူခဲ့သူပါ။ ကွင်းထဲကို သူပြန်ဝင်လာရင် သူက ပင်နယ်တီ တာဝန်ယူရမယ့်သူ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။
မိုဆာလာဟာ လီဗာပူးအတွက် သူတာဝန်ယူခဲ့တဲ့ နောက်ဆုံး ပင်နယ်တီ ၁၁ ကြိမ်မှာ ၄ ကြိမ် လွဲချော်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ ပင်နယ်တီ တာဝန်ယူမှုဟာ အပြောင်းအလဲ ဖြစ်သင့်သလားဆိုတဲ့ မေးခွန်းမျိုးတွေ ရှိနေတာပါ။
ဒီနောက်ပိုင်းမှာတော့ ဆာလာ မရှိချိန် မာကာ ပင်နယ်တီ တာဝန်ယူလာနိုင်တာမျိုး မြင်လာရပြီ ဖြစ်ပါတယ်။