အပြောင်းအရွှေ့ စိတ်ဝင်စားမှုများ၊ ကလော့ပ်ရဲ့ နည်းစနစ် အပြောင်းအလဲ ချီးကျူးခံရခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ထရန့်ဟာ ပြန်လည် ထူထောင်ရေး လေ့ကျင့်ရေးတွေကို စတင်နေပြီဖြစ်ကာ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲမှာ ပြန်လည် ပွဲထွက်လာနိုင်မယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အီဒါဆန်ဟာ ၄ ပတ်ကြာ အနားယူရမယ်လို့ သိရပါတယ်။ သူဟာ မန်စီးတီး vs အာဆင်နယ်ပွဲအပြင် အက်စတွန်ဗီလာပွဲကိုပါ လွဲချော်မှာမို့ ဖလားပြိုင်ဆိုင်မှုမှာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ စိတ်ထားနဲ့ဆိုရင် ဒီနွေမှာ လီဗာပူးကနေ ထွက်သွားလည်း တစ်နှစ် နှစ်နှစ်နေလို့ လီဗာပူးအဆင်မပြေရင် ပြန်လာလိမ့်မယ်လို့ beIN SPORTS က သုံးသပ်ပါတယ်။

ဖလားပြိုင်ဘက် ၃ သင်းထဲမှာ လီဗာပူးအသင်းက အချောင်ဆုံး ပွဲစဉ်ဇယားကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခံနေရပါတယ်။

သုံးသပ်သူတွေကတော့ ချန်ပီယံလိဂ်ပွဲတွေ မရှိခြင်းနဲ့ မန်စီးတီး၊ အာဆင်နယ်လို ပြိုင်ဘက်တွေကို ရင်ဆိုင်ခဲ့ပြီးဖြစ်လို့ လီဗာပူးဟာ ကောင်းမွန်တဲ့ ပွဲစဉ်ဇယားတွေကို စတင် ကျော်ဖြတ်ဖို့ပဲ ရှိတော့တယ်လို့ မှတ်ချက်ပေးပါတယ်။

လီဗာပူးအသင်းဟာ မန်စီးတီးကို ၁-၀ ဦးဆောင်ဂိုး မပေးရခင် ၃ ယောက်တန်း ခံစစ်ကို ကစားခဲ့တာဖြစ်ကာ ဦးဆောင်ဂိုး ပေးရတဲ့နောက် ဂိုးမက်စ်ကို ရှေ့ပိုတက်စေပြီး စီးတီးတို့ ဘောလုံးပိုင်ဆိုင်မှု ရနေခြင်းကို အခက်တွေ့ဖို့ အသုံးပြုခဲ့ပါတယ်။

နည်းပြကလော့ပ် ဝါတာရု အန်ဒိုဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ်သမား အဖြစ် ကင်ပွန်းတပ်ကာ ချီးကျူးခဲ့ပါတယ်။

” လီဗာပူး ခြေစွမ်းကောင်းနေချိန်ဆို အန်ဖီးကွင်းမှာ သူတို့ကို ရင်ဆိုင်ကစားဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စကြီးပါ” လို့ ဖာဘရီဂတ်စ်က အထင်ကြီးစွာ မှတ်ချက်ပေးခဲ့ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးတို့ဟာ ဝုဗ်အသင်း တိုက်စစ်သမား နက်တိုကို စိတ်ဝင်စားရိပ် သိသိသာသာ ပြသလာနေပါတယ်။ ပေါ်တူဂီသားဟာ ခြေစွမ်းထက်ပေမယ့် ဒဏ်ရာ မှတ်တမ်းဆိုး ရှိထားသူပါ။

ယူနိုက်တက်ဟာ အဲဗာတန် ခံစစ်မှူး ဘရန်ဝိတ်ကို စိတ်ဝင်စားရိပ် ပြသလာပါတယ်။ လီဗာပူးအသင်းဟာ ဘရန်ဝိတ်ကို သဘောကျပေမယ့် ဒါဘီပြိုင်ဘက်ထံက ခေါ်ယူဖို့ ခက်ခဲနေတာပါ။

နွေမှာ ဗဟိုခံစစ်မှူးနေရာ အားဖြည့်မယ့် လီဗာပူးအသင်းဟာ ဖရန့်ဖတ်အသင်းမှ Willian Pacho ကို သဘောကျနေကြောင်း ဂျာမာန်သတင်းထောက် Florian Plettenberg က ပြောပါတယ်။