လက်ကျန် ၁၀ ပွဲမှာ ၂ ပွဲကလွဲရင် နိုင်ချေရာနှုန်း မြင့်မားနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဖလားပြိုင်ဘက် ၂ သင်းဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်တို့နဲ့ ပွဲစဉ်တွေ ပြီးဆုံးခဲ့တဲ့နောက် ပရီးမီးယားလိဂ် လက်ကျန်ပွဲ ၁၀ ပွဲပဲ ကစားဖို့ ကျန်ရှိမှာဖြစ်ပါတယ်။

လီဗာပူးရဲ့ လက်ကျန် ပြိုင်ဘက်တွေထဲမှာတော့ ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ အဲဗာတန်တို့နဲ့ ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲ၊ စပါးနဲ့ ယှဉ်ပြိုင်ရမယ့် အိမ်ကွင်းပွဲတွေဟာ အရေးပါတဲ့ ပွဲစဉ်တွေဖြစ်ကြပါတယ်။

လက်ရှိ လီဗာပူး ခြေစွမ်းနဲ့ဆိုရင် လက်ကျန် ၁၀ ပွဲလုံးမှာ ပြိုင်ဘက်တွေထက် လီဗာပူးက တစ်ပန်းသာနေပါတယ်။ ဒါပေမယ့် အဝေးကွင်း ပွဲစဉ် အချို့မှာ ပြိုင်ဘက်တွေရဲ့ ဥရောပဝင်ခွင့် တစ်နေရာအတွက် ရုန်းအားကို ထည့်တွက်ရမှာပါ။

ဘီဘီစီကတော့ လီဗာပူးအသင်းဟာ ယူနိုက်တက်၊ အက်စတွန်ဗီလာတို့နဲ့ ယှဉ်ပြိုင်ရမယ့် အဝေးကွင်း ၂ ပွဲမှာ အမှတ်လျော့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အိမ်ကွင်းမှာ စပါးနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကလည်း အန္တရာယ်ကြီးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ဒေတာတွက်ချက်မှုတွေမှာတော့ လီဗာပူးဟာ ယူနိုက်တက်ကို နိုင်ချေ (၄၅%) ပဲရှိပြီး အက်စတွန်ဗီလာကို နိုင်ချေကတော့ (၄၈%) ပဲ ရှိပါတယ်။ စပါးကို နိုင်ချေကတော့ (၆၅%) တောင် ရှိထားတာပါ။

လက်ကျန် ၁၀ ပွဲမှာ ဘယ်အသင်းမဆို ၂၃ မှတ် ထက် ပိုမရနိုင်ဘူးလို့လည်း တွက်ချက်ထားပေမယ့် ချန်ပီယံဖြစ်နိုင်ချေမှာ လီဗာပူးနဲ့ အာဆင်နယ်က မန်စီးတီးနောက်ကို ရောက်နေဆဲဖြစ်ပါတယ်။ ရာသီသိမ်းခဲ့ရင် ထိပ်ဆုံး ၃ သင်းကြား ရမှတ်ကွာမှုဟာ ၁ မှတ်၊ ၂ မှတ်ထက်တော့ ပိုမများနိုင်ပါဘူး။

ဒါပေမယ့် ဘောလုံးပရိသတ်တွေကြား စစ်တမ်းကောက်မှုမှာတော့ လီဗာပူးအသင်းဟာ ပြိုင်ဘက် ၂ သင်းလောက် ဥရောပပွဲကြီး ကစားရဖွယ် မရှိတဲ့ အချက်ကို ထောက်ပြကြပါတယ်။ အတော်များများကတော့ အဆိုပါ အားသာချက်ကြောင့် လီဗာပူးက ဖလားရသွားနိုင်ကြောင်း မဲပေးထားခဲ့ကြတယ်။

အခုချိန်ထိ ဘယ်အသင်း ချန်ပီယံဖြစ်မယ် မှန်းဆရခက်ခဲနေကြဆဲပါ။ ပွဲစဉ် ၂၉ မှာ ယှဉ်ပြိုင်မယ့် မန်စီးတီး vs အာဆင်နယ် ပွဲအပြီးမှာတော့ ပိုမို မြင်သာတဲ့ ဖလားလမ်းကြောင်းကို တွေ့လာရဖွယ် ရှိနေပါတယ်။