ကမ္ဘာ့ စျေးအကြီးဆုံး ကစားသမားဖြစ်ဖို့ တစ်ခုပဲ လုပ်ပြဖို့ လိုကြောင်း မှတ်ချက်ပေးခံရတဲ့ ဒီယက်စ်

လူးဝစ် ဒီယက်စ် အနေနဲ့ ပင်နယ်တီ ဧရိယာထဲမှာ အညှာအတာကင်းတဲ့ အဆုံးသတ်ပိုင်း စွမ်းရည်ကို ဖော်ထုတ်နိုင်မယ်ဆိုရင် သူဟာ ကမ္ဘာ့စျေးအကြီးဆုံး ကစားသမား ဖြစ်လာပါလိမ့်မယ်လို့ တယ်လီဂရပ်က ဖော်ပြလာပါတယ်။

လီဗာပူး ဘယ်တောင်ပံမှာ ထိန်းချုပ်ရခက်လွန်းတဲ့ တိုက်စစ်သမားအဖြစ် ပြိုင်ဘက်တွေကို ပြဿနာပေးနေတဲ့ ဒီယက်စ်ဟာ မန်စီးတီးပွဲမှာလည်း ပြိုင်ဘက် ညာခြမ်း တစ်ခုလုံးကို မွှေနှောက်သွားခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ ညာဘက်ခြမ်းဟာ ဒီယက်စ်ရဲ့ ဘောလုံးသယ်ဆောင်မှုကို ထိန့်လန့်ခဲ့တာကြောင့် ဝေါ်ကာတင် မကဘဲ ရိုဒရီရဲ့ အကူအညီပါ အတော်လေး ယူနေခဲ့ရပါတယ်။ ဒီယက်စ်ဟာ တစ်ဦးချင်း စီးချင်းထိုးမှု ၁၇ ကြိမ်ထိတောင် လုပ်သွားခဲ့သလို အခွင့်အရေး ဖန်တီးမှု ၃ ကြိမ်လည်း လုပ်ခဲ့ပါတယ်။

မိသားစုရေးရာ ပြဿနာ ဖြေရှင်းပြီးနောက်ပိုင်း ဒီယက်စ်ဟာ လီဗာပူးအသင်း လိုအပ်ချိန်တိုင်း အဆင်သင့် ရှိနေခဲ့တယ်။ မန်စီးတီးပွဲမှာ ကိုလံဘီယာသားကို ပွဲချိန်ပြည့် သုံးခဲ့တာဟာ ပြိုင်ဘက်ကစားသမား ၂ ယောက်လောက်ကို တာဝန်ယူပေးခဲ့တာကြောင့် ဖြစ်ကြောင်း ကလော့ပ်က အရိပ်အမြွက် ပြောပြပါတယ်။

“ ဒီယက်စ်က ပရီးမီးယားလိဂ် အမြန်ဆုံး ကစားသမားပါဆိုတဲ့ ဝေါ်ကာကို ရင်ဆိုင်ခဲ့တာပါ။ သူက ရိုဒရီကိုလည်း ရင်ဆိုင်သွားခဲ့ပါတယ် ” လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

ကျော်ဖြတ်မှုတွေမှာ ကောင်းမွန်တဲ့ ဒီယက်စ်ဟာ အဆုံးသတ်ပိုင်းမှာတော့ အတော်လေး အားနည်းခဲ့ပါတယ်။ မိုဆာလာ ဖန်တီးပေးတဲ့ အခွင့်အရေးကနေ သူ ဂိုးရနိုင်ဖို့ အကောင်းဆုံး အခိုက်အတန့် ရခဲ့ပေမယ့် တော်တော်လေး လွဲချော်ခဲ့တာပါ။

လီဗာပူးအသင်းဟာ ဘယ်ခြမ်းက မာနေးနေရာမှာ ဒီယက်စ်ကို အစားထိုးလာခဲ့တာပါ။ အဆုံးသတ်ပိုင်း မာကျောတဲ့ မာနေးဟာ လီဗာပူးရဲ့ high press ကို ဦးဆောင်နိုင်စွမ်း ရှိသလို ဘောလုံးပိုင်ဆိုင်မှုကို အနိုင်ယူပေးခြင်း၊ အသင်းလိုက် စည်းစနစ်ကျမှုနဲ့ နည်းစနစ်ပိုင်း စွမ်းရည်တွေမှာ ထိပ်တန်းက ရှိခဲ့ပါတယ်။

ဒီယက်စ်ထံက ကောင်းမွန်တဲ့ အရည်အချင်းတွေ အများကြီး မြင်ခဲ့ရပေမယ့် သူဟာ အဆုံးသတ်ပိုင်းမှာတော့ အတော်လေး အားနည်းခဲ့ပါတယ်။ သူ လုပ်ပြနိုင်ရမှာလောက်တောင် မလုပ်ပြနိုင်တဲ့ထိ လိုအပ်ချက်ရှိနေပါတယ်။

ဒီယက်စ်ရဲ့ အဆုံးသတ်ပိုင်း မာနေးလောက် ကောင်းလာခဲ့မယ်ဆိုရင် သူ့ရဲ့ တန်ကြေးဟာ ပေါင် သန်း ၂၅၀ လောက်ထိတောင် ရောက်သွားနိုင်ပြီး ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားတောင် ဖြစ်လာမယ်လို့ တယ်လီဂရပ်က မှတ်ချက်ပြုသွားတာပဲ ဖြစ်ပါတယ်။