ကလော့ပ်နေရာ အစားဝင်လာမယ့် လီဗာပူးအသင်း ကွင်းတွင်းကွင်းပြင် တာဝန်ရှိသူ (၃) ဦး

လာမယ့်ရာသီကစလို့ လီဗာပူးအသင်းဟာ နည်းပြယာဂင်ကလော့ပ်ကို လက်လွတ်ရမှာဖြစ်တာကြောင့် ကလပ်တာဝန်ရှိသူတွေဟာ အုပ်ချုပ်မှု ပုံစံကို ပြန်လည် ဖွဲ့စည်းဖို့ ကြိုးစားမှုတွေ လုပ်ဆောင်နေပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်၊ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီတို့ ထွက်ခွာတဲ့နောက်မှာ FSG ဟာ လီဗာပူး ခေတ်သစ်တစ်ခုကို ထပ်မံ ပုံဖော်သွားတော့မှာပါ။ ဒီရာသီမှာ ကလော့ပ်ဟာ မန်နေဂျာရာထူးအပြင် အားကစားဒါရိုက်တာ တာဝန်ကိုပါ ပူးတွဲယူထားပြီး ဂျော့ရှမတ်ကီက အကြံပေးအဖြစ်ပဲ ဝင်ရောက်လာခဲ့တာပါ။

လာမယ့်ရာသီမှာတော့ ကစားသမား ခေါ်ယူရေးဆိုင်ရာ ကော်မတီနဲ့အတူ ထင်ရှားခဲ့တဲ့ မန်နေဂျာ + အားကစာဒါရိုက်တာ အတွဲကို အနည်းငယ် ပြောင်လဲလာဖွယ် ရှိပါတယ်။

ဒီနွေမှာ commercial မဟုတ်တဲ့ လီဗာပူးအသင်း ကွင်းတွင်း ကွင်းပြင် ကိစ္စတွေကို ကြီးကြပ်ဖို့ လူသစ် ၃ ဦးဝင်ရောက်လာမှာဖြစ်ပါတယ်။ သူတို့တွေကတော့ ဘောလုံးဆိုင်ရာ အကြီးအကဲ၊ အားကစားဒါရိုက်တာသစ်နဲ့ မန်နေဂျာသစ်တို့ ဖြစ်ပါတယ်။

ဒါတွေအတွက် ပထမဆုံး ခြေလှမ်းအဖြစ် လီဗာပူးအသင်းဟာ မိုက်ကယ်အတ်ဝပ်ကို အသင်းထံ ပြန်ခေါ်ဖို့ သဘောတူညီမှု ရခဲ့ပါပြီ။ အားကစားဒါရိုက်တာဟောင်းဖြစ်တဲ့ အတ်ဝပ်ဟာ head of football operations ဆိုတဲ့ ရာထူးမျိုးကို ပြောင်းလဲ တာဝန်ယူပါမယ်။ ဒါဟာ ရာထူးဟောင်းထက် ပိုပြီး တာဝန်ယူရမှာဖြစ်ပါတယ်။

အားကစားဒါရိုက်တာအဖြစ်တော့ လီဗာပူးက ဘုန်းမောက်အသင်း နည်းစနစ်ဒါရိုက်တာဟောင်း ရစ်ချက်ဟုချ်ကို ခန့်အပ်မှာပါ။ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားပြီး လီဗာပူးမှာ ပူးပေါင်း အလုပ်လုပ်ကြဖို့ သူတို့ကြား သဘောတူညီမှု ရထားခဲ့ပါပြီ။

အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ဟာ လီဗာပူးအသင်းရဲ့ ဒေတာသုတေသန ဌာန ဒါရိုက်တာဖြစ်သူ ဝဲလ်စပီးရားမန်းနဲ့ ပူးပေါင်းကာ ကလော့ပ်နေရာ တာဝန်ယူမယ့် ဒါရိုက်တာကို ရှာဖွေသွားမှာဖြစ်ပါတယ်။

လီဗာပူးအသင်း ဒေတာသုတေသနအဖွဲ့ဟာ လက်ရှိမှာ လေဗာကူဆင်မှ အလွန်ဆို၊ စပို့တင်းမှ အာမိုရင်းတို့ကို အထူး စိတ်ဝင်စားနေပြီး နွေမှာ အင်တာဗျူး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။