ဆောင်းပါးရှည် | လီဗာပူးက အပြောင်းအရွှေ့ ဈေးကွက်မှာ ဘယ်လို ဝင်ရောက် လှုပ်ရှားသလဲ

လီဗာပူးအသင်းဟာ ပိုင်ရှင်အပြောင်းအလဲအဖြစ် FSG လက်ထက်မှာ အသိသာဆုံး အသွင်ပြောင်းမှုက ကလပ်ရဲ့ တည်ဆောက်ပုံကို မော်ဒန်ပုံစံ ပြောင်းလဲခြင်းဖြစ်ပြီး စိစစ်မှုနဲ့ ကင်းထောက်စနစ် တစ်ခုလုံးကို ချဲ့ထွင်ခြင်းပဲ ဖြစ်ပါတယ်။

FSG ဟာ သူတို့ လီဗာပူးအသင်းကို လွဲပြောင်းယူခါစမှာတော့ စနစ်တွေ အားလုံးကို မပြောင်းလဲသေးပါဘူး။ လီဗာပူးက ရှေးရိုးအသင်း အနေအထားအဖြစ် အသင်း အုပ်ချုပ်မှုကစလို့ ကင်းထောက်စနစ်တွေက ရှေးရိုးစွဲ ပုံစံတွေပဲ ဖြစ်တယ်။ ဒါကြောင့်လည်း ကင်နီ လက်ထက်မှာ ကာရိုးကို ခေါ်ယူမှုက Flop ဖြစ်ခဲ့ပြီး ယူကျူ့ကြည့်ပြီး ဒေါင်းနင်းကို ဝယ်ခဲ့တယ်ဆိုတဲ့ လှောင်ပြောင်ခံရမှုတွေ ရှိခဲ့တယ်။ ချာလီအဒမ်၊ ကိုအာတက်စ်တို့ကလည်း အံမဝင်ခဲ့ကြဘူး။

FSG ရဲ့ အစောပိုင်းကာလမှာ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ စီမံမှုတွေက မအောင်မြင်ခဲ့ပါဘူး။ ကိုမိုလီတို့ အိုင်ရန်အေရီတို့လို လီဗာပူးရဲ့ အကြီးတန်း အရာရှိတွေက အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စ စီစဉ်သူတွေကအဖြစ်ကနေ လက်ပြခဲ့ရတယ်။ နောက်ဆုံးမှာ ကင်နီကိုယ်တိုင်က အသင်းကနေ နုတ်ထွက်ခဲ့ရတယ်။

ဂါးဒီးယန်းသတင်းဌာနရဲ့ အားကစားဆိုင်ရာ လေ့လာသူ တင် လူးဝစ်က လီဗာပူးအသင်းဟာ ၂၀၁၂ ခုနှစ်မှာ အချက်အလက်ဆိုင်ရာ စိစစ်မှုအဖွဲ့ကို စဖွ့ဲတယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်မှာ စတင်တဲ့ လီဗာပူးရဲ့ ပုံစံသစ်တွေဟာ ဘရန်ဒန် ရော်ဂျာလက်ထက်မှာ အနည်းငယ် တက်ရိပ်ပြလာတယ်။ လီဗာပူးရဲ့ ကလပ် တည်ဆောက်ပုံနဲ့ ကင်းထောက်မှု ပုံစံတွေဟာ စတင်ကာ ပြောင်းလဲလာခဲ့ပြီး တကယ်တမ်း အကျိုးအမြတ် စတင် ရရှိလာတာက ၂၀၁၆ လောက်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ လီဗာပူးမန်နေဂျာက ယာဂင်ကလော့ပ် ဖြစ်နေပါပြီ။

လီဗာပူးရဲ့ ကစားသမားခေါ်ယူမှုဆိုင်ရာ ကော်မတီ

ဒီကော်မတီဟာ ဘရန်ဒန်ရော်ဂျာ လက်ထက်တုန်းကတော့ အပြောင်းအရွှေ့ ကော်မတီရယ်လို့ နာမည်ကြီးပါတယ်။ ယာဂင်လက်ထက်မှာတော့ နာမည် မထွက်တော့ပါဘူး။ ယခင်ကတော့ ၅ ဦးပါပြီး အခုချိန်မှာတော့ ၄ ဦးက အဓိက ကြိုးကိုင်ပါတယ်။ တချို့ကလည်း လီဗာပူးရဲ့ Fab Four လို့ နာမည်ပြောင် ပေးထားပါတယ်။

Fab Four မှာတော့ ယာဂင်ကလော့ပ် (မန်နေဂျာ)၊ မိုင်ကယ်အတ်ဝပ် (အားကစားဒါရိုက်တာ)၊ မိုက်ဂေါ်ဒန် (FSG ဥက္ကဌ) နဲ့ ဒေ့ ဖော်လိုး (လူသစ်ခေါ်ယူမှုဆိုင်ရာ အကြီးအကဲ) တို့ဖြစ်ပါတယ်။ ဒေ့ဖော်လိုးက လီဗာပူးရဲ့ ကမ္ဘာလုံးဆိုင်ရာ ကင်းထောက်ကွန်ယက်ကို တာဝန်ယူသူလည်း ဖြစ်ပါတယ်။ ဒီစာရင်းမှာ ယခင်က ပါခဲ့ပြီး အခုချိန်မှာ မပါတော့တာက ဂိုးနည်းပြ ဂျွန်အက်တာဘတ် ဖြစ်ပါတယ်။

လီဗာပူးရဲ့ အုပ်ချုပ်မှု ပုံစံမှာတော့ အသင်း ဥက္ကဌရဲ့ အောက်မှာ အဖွဲ့နှစ်ဖွဲ့ ရှိပါတယ်။ တစ်ဖွဲ့က နည်းပြတွေ၊ အားကစားသိပ္ပံနှင့် ဆေးဘက်ဆိုင်ရာ၊ အကယ်ဒမီ အစရှိတဲ့ အဖွဲ့တွေကို ဦးဆောင်တဲ့ ယာဂင်ကလောပ့်ဖြစ်ပြီး ကျန်တစ်ဖွဲ့ကတော့ စီးပွားရေးတာဝန်ခံတွေ၊ ကွင်းတာဝန်ခံတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲသူတွေကို ဦးဆောင်တဲ့ စီအီးအိုဖြစ်ပါတယ်။

လီဗာပူးရဲ့ တည်ဆောက်မှုဟာ အတွင်းသတင်းတွေကနေ သိရသလောက်ပဲဖြစ်ပြီး အသေးစိတ် တည်ဆောက်ပုံတွေကိုတော့ သိရဖို့ မရှိပါဘူး။ သက်ဆိုင်ရာ တာဝန်ခံတွေ၊ အသင်းကိုယ်စားလှယ်အဖြစ် တာဝန်ယူတဲ့ ကစားသမားဟောင်းတွေ၊ အားပေးသူအဖွဲ့တွေနဲ့ ဆက်သွယ်ရေး တာဝန်တွေ စသဖြင့် အများကြီးတော့ ကျန်ဦးမှာဖြစ်ပါတယ်။

ဗြိတိန် အဆင့်မြင့်တန်း ကလပ်တွေကို ကွန်ပြူတာစနစ်တွေ ဘယ်လို ဝင်ရောက်လာသလဲ

အင်္ဂလန်ဘောလုံးလောကထဲကို ကွန်ပြူတာစနစ်တွေ စဝင်လာတာက ကလပ်တွေ စိစစ်သူအဖွဲ့တွေ စသွင်းတာထက်တော့ ပိုစောပါတယ်။ နာမည်ကြီးတဲ့ sports statistics ကုမ္ပဏီကတော့ ပွဲစဉ်တိုင်းကို မှတ်တမ်းတွေ ပြုပေးနေတဲ့ Opta လို့ခေါ်တဲ့ sports statistics company ဖြစ်တယ်။

Match of the Day လို ပရိုဂရမ်တွေဟာဆိုရင်လည်း ပွဲစဉ်ရဲ့ အချက်အလက်တွေကို graphics and statistics တွေ ထုတ်ပြန်ပေးနေပါတယ်။ ဒီကနေ့ခေတ်မှာ ထောင့်ကန်ဘော ဘယ်နှစ်ကြိမ်ကန်ခဲ့တယ်၊ ဖောင်းဘယ်နှစ်ကြိမ်လုပ်သလဲကို မိနစ် ၉၀ ပြန်ကြည့်စရာ မလိုတော့ပါဘူး အားလုံးက graphic တွေပေါ်မှာ အတိအကျ မြင်လာနိုင်ပါပြီ။

လီဗာပူး လက်ရှိသုံးနေတဲ့ ဒေတာပိုင်းဆိုင်ရာ စိစစ်ခွဲခြမ်းမှု စနစ်မျိုးဟာ ယခင်ကတော့ ငွေကြေးအားနည်းတဲ့ အသင်းတွေ၊ ထိပ်သီးတွေလို သြဇာမကြီးတဲ့ အသင်းတွေမှာ သုံးနေကြတဲ့ စနစ်မျိုးဖြစ်ပါတယ်။ အသင်းငယ်တွေဟာ အသင်းကြီးတွေလို ကင်းထောက်ကွန်ယက်တွေ မကောင်းဘူး၊ ငွေကြေး မတတ်နိုင်ဘူး အဲ့အခါ သူတို့ဟာ ဒေတာလို့ခေါ်တဲ့ စိစစ်မှုတွေကိုပဲ ပိုမို အားပြုကြရပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အသင်းကြီးတွေကပါ ဒေတာစနစ်တွေကို သုံးလာကြပါတယ်။

ဒီကနေ့မှာ ပရီးမီးယားလိဂ်ကလပ် ၂၀ လုံးဟာ ကိုယ်ပိုင် မဟုတ်ရင်တောင် အနည်းဆုံးတော့ ကလပ်ရဲ့ အချက်အလက်တွေကို စိစစ်ပေးမယ့် ဝန်ထမ်း မဟုတ်တဲ့ ဒေတာခွဲခြမ်းစိတ်ဖြာသူတွေ ရှိကြပါတယ်။ အသင်းငယ်တွေ အများကြီးကလည်း ဒီလို အစိတ်အပိုင်းတွေ ပိုင်ဆိုင်ထားတယ်။ မန်စီးတီးအသင်းမှာဆိုရင် လူ ၁၁ ဦးပါဝင်တဲ့ ဒေတာစိစစ်ရေးအဖွဲ့တစ်ခုကို တရားဝင် ဖွဲ့စည်းထားတယ်။

ဂါးဒီးယန်းရဲ့ အဆိုအရ လီဗာပူးအသင်းဟာ ၂၀၁၂ ခုနှစ်မှာ theoretical physics နဲ့ ဒေါက်တာဘွဲ့ရခဲ့တဲ့ အိုင်ယန် ဂရေဟမ် ဦးဆောင်မှုဖြင့် ပွဲနေ့မတိုင်ခင် ပြင်ဆင်ခြင်းနဲ့ ပွဲနေ့ကို စိစစ်မှုတွေပါဝင်တဲ့ အထူးစိစစ်သူအဖွဲ့ (analysts) ကို စတင်ကာ ဖွဲ့စည်းခဲ့ပါတယ် (အိုင်ယန် ဂရေဟမ် အသင်းကို ဘယ်လိုရောက်လာသလဲ၊ ဘာတွေတာဝန်ယူသလဲကို ပေ့ရဲ့ Pin post က မိုင်ကယ်အတ်ဝပ် ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်) ။ အဆိုပါ အဖွဲ့ဟာ ကစားသမား ခေါ်ယူမှု ပစ်မှတ်တွေကို စိစစ်ခြင်း၊ လူငယ်ကစားသမားတွေကို အဆင့်သက်မှတ်မှုတွေ လုပ်ခြင်းတွေကို ပြုလုပ်ပေးကြပါတယ်။

နည်းပညာပိုင်း အားပြုတဲ့ ဒေတာစိစစ်မှု နည်းလမ်းမှာ လီဗာပူးကလည်း ရင်းနှီးမြုပ်နှံမှုတွေကိုပါ လုပ်ဆောင်ထားပါတယ်။ လီဗာပူးဟာ ပြင်သစ်က SkillCorner လို့ခေါ်တဲ့ ကစားသမားတွေကို ခြေရာကောက်ခြင်းအား ကွန်ပြူတာစနစ်၊ AI စနစ်တို့နဲ့ ပြုလုပ်တဲ့ ဒေတာကုမ္ပဏီနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ ဒေတာတွေကို ရယူပါတယ်။

ဟုတ်ပြီ ကျနော်တို့ ပိုမြင့်တဲ့ တစ်ဆင့်ကို ထပ်ကြည့်ရအောင်။ ကလပ်တွေဟာ လေ့ကျင့်ရေးမှာ ကစားသမားတွေရဲ့ လှုပ်အားနှုန်းနဲ့ ဒဏ်ရာအနေအထားကို GPS တွေထည့်ပြီး စောင့်ကြည့်လာခဲ့တယ်။ GPS ခြေရာခံတဲ့ နည်းပညာတွေနဲ့ ကစားသမားတွေက လေ့ကျင့်ရေးမှာ ဘယ်လောက်နှုန်း လေ့ကျင့်လဲ၊ သူတို့ရဲ့ မြန်နှုန်းက ဘယ်လောက်လဲ၊ ဘယ်လောက် ကစားနိုင်သလဲ၊ သူတို့ရဲ့ ပွဲတစ်ပွဲမှာ နှလုံးခုန်နှုန်းက ဘယ်လောက်လဲ ဆိုတာ ထွက်ရှိပါတယ်။

ဒီအချက်အလက်တွေကနေ ဒီကစားသမားကို ဒီပွဲထည့်ရင် ဒဏ်ရာရသွားနိုင်လား၊ သူ့ရဲ့ ခန္ဓာကိုယ်က ပွဲကတောင်းဆိုမယ့် တန်ပိုကို လိုက်နိုင်မလား၊ သူက တာတိုပြေးနိုင်မလား၊ တာရှည်ကို ပြေးနိုင်မလား ဒါတွေကိုပါ တွက်ချက်ကြပါတယ်။ ဒါဟာ မော်ဒန်ခေတ်ဖြစ်ပါတယ်။ မန်နေဂျာတစ်ဦးထဲက ကစားသမားကို စိတ်ခံစားချက်နဲ့ ရွေးချယ်တဲ့ခေတ် မဟုတ်တော့ပါဘူး။ ငွေကြေး သန်းပေါင်းများစွာ တန်ကြေးရှိတဲ့ ကစားသမားတွေ လုံခြုံဘေးကင်းနေဖို့ကလည်း ဦးစားပေးဖြစ်လာတယ်။

တိုးတက်ပြောင်းလဲလာတဲ့ ဒေတာစိစစ်မှုတွေဟာ ကိုယ်အသင်းရဲ့ ကစားသမားတွေတင် မဟုတ်ဘဲ အခြားအသင်းက ကစားသမားတွေကိုပါ စောင့်ကြည့်လို့ရလာခဲ့တယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် လီဗာပူးနဲ့ ချယ်ဆီးပွဲမှာ သီယာဂိုဟာ ၄၅ မိနစ် ကစားခဲ့တယ်။ ဒါပေမယ့် သူဟာ ဘောလုံးထိချက် ၈၉ ကြိမ် ရှိခဲ့ပြီး ပေးမှုက ၈၃ ကြိမ် ရှိခဲ့တယ်။ အသင်းဖော်တွေကို အောင်မြင်စွာ ပေးပို့နိုင်ခြင်းက ၇၅ ကြိမ် ရှိခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်ကွင်းဘက်မှာ ဘောလုံးပေးမှု အများဆုံး လီဗာပူး ကစားသမားဖြစ်ခဲ့တယ်။

အဲ့တော့ ဘာဖြစ်လဲ။ ဒါကိုသိရတော့ ဘာဖြစ်လဲဆိုရင် ဒါက အချက်အလက်တွေ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေက သာမာန်ပရိသတ်တွေကိုတောင် ပွဲကို လက်ဖဝါးပေါ် တင်ထားသလို လှည့်ပတ်ကြည့်ပြီး သုံးသပ်ခွင့်ရလာတယ်။ ညံ့ဖျင်းမှုတွေကို ပြင်ဆင်လာနိုင်စေတယ်၊ ထူးချွန်မှုတွေကို ပိုကောင်းအောင် လုပ်လာနိုင်စေပါတယ်။

လီဗာပူးရဲ့ စိစစ်သူအဖွဲ့က ကင်းထောက်စနစ်နဲ့ ဘယ်လို ပေါင်းစပ်လဲ

ဆိုကြပါတော့ဗျာ လီဗာပူးအသင်းဟာ တိုက်စစ်အတွက် အမ်ဘတ်ပီကို စောင့်ကြည့်တယ်လို့ သတင်းတက်ပြီဆိုပါတော့။ သာမာန် ပရိသတ်တစ်ဦးရဲ့ အမြင်မှာတော့ လီဗာပူးအသင်းက ကင်းထောက်တစ်ဦးက မာဆေးဆိုဒ်ကနေ ပြင်သစ်က ပဲရစ်ကို လေယာဉ်နဲ့သွား အဲ့မှာ ပီအက်စ်ဂျီကွင်းထဲဝင် ပွဲကြည့်စင်ပေါ်ထိုင်ပြီး အမ်ဘတ်ပီ ကစားတာကို ထိုင်ကြည့်နေတယ်ပေါ့။ ဒါက ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် ကင်းထောက်စနစ် အလုပ်လုပ်တာက အဲ့လို မဟုတ်ပါဘူး။

ဒီနေရာမှာ The Times က လီဗာပူးသတင်းထောက် Paul Joyce က လီဗာပူးရဲ့ ကင်းထောက်စနစ်ကို အခုလို ပြောပြပါတယ်။

“ ကုန်ခဲ့တဲ့ ၁၈ လမှာ လီဗာပူးအသင်းဟာ မတူညီတဲ့ ဗဟိုခံစစ်သမား ၃၄ ယောက်ကို ခြေရာခံမှုတွေ ပြုလုပ်ခဲ့တယ်။ သူတို့ဟာ ခံစစ်သမားတွေရဲ့ တစ်ဦးချင်း အားသာချက်၊ အားနည်းချက်တွေကို တစ်ဦးကို အနည်းဆုံး ၁၅ ပွဲစာ ပွဲကစားမှုတွေကို လေ့လာခဲ့တယ်။ အဲ့သည် လေ့လာမှုအပြီးမှာ အေ အဆင့် ၄ ဦးနဲ့ ဘီ အဆင့် လေးဦး ဆိုပြီး ခွဲထုတ်ပါတယ်။

ထိပ်တန်းအဆင့်ဆိုတဲ့ အေ အဆင့်အတွက် လီဗာပူး ရွေးချယ်ခဲ့သူတွေက ဗန်ဒိုက်၊ လာပေါ်တေး၊ ကိုလီဘာလီနဲ့ ဘိုတန်တို့ဖြစ်တယ်။ ဘီ အဆင့်ကတော့ တစ်ချိန်မှာ အေ အဆင့်ကို ရောက်လာနိုင်တဲ့ အလားအလာရှိ လူငယ် ကစားသမားတွေ ဖြစ်ပါတယ် ” ဖော်ပြခဲ့တာဖြစ်တယ်။

ဈေးကွက်ထဲမှာ ပန်းသီးလှလှလေးတွေ အများကြီးရှိပါတယ်။ တွေ့ကရာ ပန်းသီးကို ကောက်ယူရတာမျိုး မဟုတ်ပါဘူး။ ဘယ်ပန်းသီးက ပထမတန်းစားလဲ၊ ဘယ်ပန်းသီးက ဒုတိယတန်းစားလည်းဆိုတာကို ခွဲခြမ်းရပါတယ်။ လီဗာပူးအသင်းဟာ ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ဖို့ ၁ နှစ်နဲ့ ၆ လ ကင်းထောက်ခဲ့ပါတယ်။ သူတို့က ဒီ ၁ နှစ်နဲ့ ၆ လမှာ ကစားသမား တစ်ဦးထဲကို ထိုင်ကြည့်နေတာ မဟုတ်ဘဲ ကစားသမား ၃၄ ယောက်ထဲက ရွေးသင့် ပယ်သင့်တာတွေကို တွက်ချက်ပြီး အကောင်းဆုံး အကိုက်ညီဆုံးကို ရှာတယ်လို့ ဆိုလိုတာပါပဲ။

ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့နောက် အရန်အဖြစ် အစားထိုးစရာ တိုက်စစ်သမား တစ်ဦးရှာတော့ လီဗာပူးက တီမိုဝါနာ၊ ဆာ၊ ဂျိုနသန် ဒေးဗစ်၊ ဂျိုတာ တို့ကို ဆန်ကာတင်တွေ ထားခဲ့တယ်။ လီဗာပူးက တီမိုဝါနာကို ချိန်ရွယ်ခဲ့တာက သိသာလွန်းသလို ဆာကိုလည်း တရားဝင် ချိတ်ဆက်မှု လုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လို့ အချိန်အခါနဲ့ ကိုက်ညီမယ့် ဂျိုတာကိုပဲ ခေါ်ယူခဲ့တယ်။

ယာဂင်ကလော့ပ်ဟာ ဘယ်အစွန်နေရာအတွက် အင်အားဖြည့်လိုခဲ့ပြီး ကလပ်က လူးဝစ်တစ်ဦးထဲ ကြည့်ခဲ့တာ မဟုတ်ပါဘူး။ လက်ရှိ နယူးကာဆယ်က လူးဝစ်၊ ကိုစတက်၊ လက်ရှိ စပါးအသင်းသား ရီဂွယ်လွန် အစရှိတဲ့ ကစားသမားတွေကိုလည်း စောင့်ကြည့်ပြီးမှ ချိတ်ဆက်မှုတွေကနေ ကိုစတက်ကို ရွေးခဲ့တာဖြစ်တယ်။

ဒါဆိုရင် ယာဂင်ကလော့ပ်က ဘာမလုပ်တော့ဘူးလား၊ ဒီတိုင်း ထိုင်နေလားလို့ မေးကြမယ့်သူတွေ ရှိမယ်ဆိုရင်။ ဒီ စိစစ်ရေးအဖွဲ့နဲ့ ကင်းထောက်အဖွဲ့တွေက မန်နေဂျာအလိုရှိတဲ့ နေရာအတွက် သူတို့ ပိုင်နိုင်တဲ့ ဒေတာကနေ စစ်ထုတ်ယူခြင်းပဲဖြစ်ပါတယ်။ ရလာတဲ့ နာမည်စာရင်းကို ကစားသမား ခေါ်ယူမှုဆိုင်ရာ အဖွဲ့ထံ တင်ပြတယ်။ ဒီအဖွဲ့က ယာဂင်ကလော့ပ်အပါ ကလပ်ရဲ့ စီးပွားရေးတာဝန်ခံတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ပြန်တိုင်ပင်ရတယ်။

မန်နေဂျာကလော့ပ်က ဝါနာကို လိုချင်ခဲ့တယ်။ ဘဏ္ဍာရေးပိုင်း တာဝန်ခံက ပေါင် သန်း ၅၀ လောက်ကို တစ်လုံးတည် ပေးဖို့ မဖြစ်နိုင်ဘူး။ ဒီမှာတင် အားကစားဒါရိုက်တာက ပြောင်းရွှေ့ကြေး ညိနှိုင်းခဲ့တယ်။ ဒါပေမယ့် အဆင်မပြေခဲ့ဘူး။ အဲ့လို အခါမျိုးမှာ ကလော့ပ်က ဆုံးဖြတ်ပေးရမယ် ငါတော့ ဝါနာမှမရရင် မဖြစ်ဘူးလား? (သို့) နောက်ထပ် ပစ်မှတ်ကို ရွေးပေးမလား? ပါပဲ။

မော်ဒန်ခေတ် မန်နေဂျာနဲ့ ကျွမ်းကျင်သူတွေ ပေါင်းစည်းမှု

Tha Athletic မှ လီဗာပူးသတင်းထောက် James Pearce ရဲ့ အဆိုအရ ၂၀၁၇ မှာ တောင်ပံနေရာအတွက် မန်နေဂျာကလော့ပ်က ဂျာမနီလက်ရွေးစင် ဂျူလီယန် ဘာရတ်ကို ခေါ်ယူလိုပါတယ်။ အားကစားဒါရိုက်တာ အတ်ဝပ်က ဆာလက်က ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်မယ်လို့ ထောက်ပြပါတယ်။ သူတို့ နှစ်ဦး ဆွေးနွေးမှုကနေ အသင်းက ဘာရတ်အစား ဆာလက်ကိုပဲ ပေါင် ၃၆ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေက အဲ့လို အပြန်အလှန် နားလည်မှုတွေနဲ့ လုပ်ကြတာဖြစ်ပါတယ်။ အရာရာ ကလော့ပ် စိတ်တိုင်းကျ မဟုတ်သလို အားလုံးက စိစစ်ရေးအဖွဲ့ သဘောအတိုင်လည်း မဟုတ်ပါဘူး။

ဒီကနေ့ခေတ်မှာ ဘောလုံးကလပ်တစ်သင်းကို မန်နေဂျာတစ်ဦးတည်းက စီမံနိုင်တဲ့ အခြေအနေ မဟုတ်တော့ပါဘူး။ အဖွဲ့တစ်ခုကို မန်နေဂျာက လေ့ကျင့်ပေး နိုင်ပွဲတွေရအောင်လုပ် ချန်ပီယံဖြစ်ဆိုတဲ့ ခေတ်က ကုန်ခဲ့ပါပြီ။ ဒီကနေ့ခေတ်မှာ ဘောလုံးဆိုတာက စီးပွားရေးဖြစ်ပါတယ်။ သေးငယ်တဲ့ စီးပွားရေးတင် မဟုတ်ဘဲ အကြီးစား ဖျော်ဖြေရေး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

ကလပ်အသင်းတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကို တိုးချဲ့လာခဲ့ပြီး အောင်မြင်မှုတွေရဖို့ ပိုမို အာရုံစိုက်လာကြပြီဖြစ်တယ်။ အားလုံးဟာ ပြေးလမ်းထဲမှာ တူညီတဲ့ တာထွက်မှုနဲ့ တူညီတဲ့ ပန်းတိုင်းကိုပဲ ယှဉ်ပြိုင်ကြရမှာဖြစ်တယ်။ အဆုံးမှာ အောင်ပွဲခံနိုင်သူက ဘယ်သူတွေဖြစ်မယ်ဆိုတာကတော့ မှန်ကန်တဲ့ အုပ်ချုပ်မှုနဲ့ စီမံခန့်ခွဲမှုတွေကပါ အရေးပါလာတော့မှာ ဖြစ်ပါတယ်။