လူးဝစ် ဒီယက်ဇ်ကို လီဗာပူးအသင်းကနေ ခေါ်ထုတ်လိုရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးရပါမယ်လို့ ကစားသမားရဲ့ အေးဂျင့်က ထုတ်ပြောလာပါတယ်။
၂၀၂၂ ဇန်နဝါရီမှာ ပေါ်တိုကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းနဲ့ ရောက်လာခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားသူ ဖြစ်ပါတယ်။
သူဟာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၈၅ ပွဲကစားကာ ကိုယ်တိုင် ၂၂ ဂိုး သွင်းယူထားပြီး ဂိုးထောက်ပံ့မှု ၁၃ ကြိမ် လုပ်ထားနိုင်ပါတယ်။ ဒီယက်ဇ်ဟာ လက်ရှိ လီဗာပူးအသင်းမှာ ဘယ်တောင်ပံနေရာကနေ ပုံမှန် ပွဲကစားခွင့် ရရှိထားသူ ဖြစ်ပါတယ်။
လီဗာပူးသတင်းထောက် အချို့ကတော့ နွေမှာ နည်းပြသစ် ရောက်လာမှာနဲ့အတူ လူစာရင်းကို ပြင်ဆင်ဖွဲ့စည်းမှု ရှိလာနိုင်ကြောင်း ဖော်ပြမှုတွေ ရှိနေပါတယ်။ လီဗာပူးအသင်းဟာ တိုက်စစ်သမား ၅ ဦးထဲက ၁ ဦးကို ရောင်းချပြီး အခြား တိုက်စစ်သမားနဲ့ အစားထိုးတာမျိုး ရှိလာနိုင်တယ်လို့လည်း သိရတယ်။
ကိုလံဘီယာသတင်းတွေက ဖော်ပြရာမှာ ဘာစီလိုနာဟာ ဒီယက်ဇ်ရဲ့ စာချုပ် အခြေအနေ အတွက် ကစားသမားရဲ့ အေးဂျင့်ထံ ချိတ်ဆက်ခဲ့ပါတယ်။ အေးဂျင့်ကတော့ လီဗာပူးဘက်က ယူရို သန်း ၁၂၀-၁၄၀ ကြားရမှ ရောင်းလိမ့်မယ်လို့ အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။
ဒီနွေမှာတော့ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့တွေကို စီမံဖို့ မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့အတွဲ ရောက်လာမှာပါ။ သူတို့ ဘယ်လို စီမံမလဲ ကြည့်ရမှာဖြစ်ပေမယ့် လီဗာပူးအသင်းဟာ ကစားသမား ရောင်းထုတ်မှုတွေ ရှိလာနိုင်တာဖြစ်ပါတယ်။