မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းရဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းတွေကို တာဝန်ယူဖို့ ကိစ္စတွေ ပါဝင်တဲ့ FSG CEO ရာထူးနဲ့ အန်ဖီးထံ ပြန်ဝင်လာတော့မှာဖြစ်ပါတယ်။
အတ်ဝပ်ရဲ့ ရာထူးဟာ အားလုံး မျှော်လင့်ထားတာထက် ပိုသာလွန်နေပြီး ဘော့စတွန်အခြေစိုက် FSG အဖွဲ့ရဲ့ CEO of football တာဝန်ကို ပေးအပ်ခြင်း ခံရတာဖြစ်ကြောင်း ကြေညာချက်လည်း ထွက်ပေါ်လာခဲ့ပါပြီ။
လီဗာပူးအသင်းဟာ ကလော့ပ် ထွက်ခွာတော့မှာမို့ ကြီးမားတဲ့ အသွင်ပြောင်းကာလ တစ်ခုကို ရင်ဆိုင်ရတော့မှာပါ။ ကလော့ပ်ရဲ့ နည်းပြအဖွဲ့ဝင်တွေထဲက ပီတာနဲ့ ပပ်လင်ဒါးတို့အပြင် အားကစားဒါရိုက်တာ ရှမတ်ကီတို့လည်း ထွက်ခွာမှာဖြစ်ပါတယ်။
FSG ဟာ ကလပ် အုပ်ချုပ်ပေါ်ပုံစံ ပြန်လည် စုဖွဲ့မှုမှာ အတ်ဝပ်ကို ဦးဆောင်စေမှာဖြစ်သလို ပိုမို ကြီးမားတဲ့ ပလန်တွေလည်း ရှိနေပါတယ်။
အတ်ဝပ်ကိုယ်တိုင်က “ မိုက် (FSG ဥက္ကဋ္ဌ)၊ ဂျွန် (လီဗာပူးပိုင်ရှင်)၊ တွမ် (လီဗာပူး ဥက္ကဋ္ဌ) တို့လို ပိုင်ရှင်အဖွဲ့က FSG နဲ့အတူ လက်တွဲလုပ်ဆောင်ရမယ့် ဦးဆောင် ရာထူးတစ်ခုကို ပေးအပ်လာတဲ့ အခွင့်အရေးအတွက် ကျနော် သိပ်ကို ဝမ်းမြောက်မိပါတယ်။ ” လို့ ထုတ်ပြောခဲ့ပါတယ်။
၂၀၂၂ မှာ အတ်ဝပ် ထွက်ခွာသွားတဲ့နောက် လီဗာပူးအသင်းမှာ ဘောလုံးဆိုင်ရာ တာဝန်တွေကို ရယူနေရတဲ့ မိုက်ဂေါ်ဒန်ဟာ ဒီကရှေ့ လီဗာပူးတာဝန်တွေကနေ ပြန်လည် ထွက်ခွာပြီး အတ်ဝပ်ကို တာဝန်ယူခွင့်ပေးတော့မှာပါ။ ဂေါ်ဒန်ဟာ လီဗာပူးအသင်းအစား FSG ဘုတ်အဖွဲ့မှာပဲ ဆက်ရှိနေမှာပါ။
အတ်ဝပ်ရဲ့ တာဝန်သစ်ဟာ လီဗာပူးအတွက် အရည်အချင်းရှိ ဂလိုဘယ်ကြယ်ပွင့်တွေကို စုစည်းပေးနိုင်မယ့် FSG အတွက် ဒုတိယအသင်းကို ရှာဖွေပေးပြီး အဆိုပါ အသင်းကိုလည်း စီမံ ကွပ်ကဲပေးရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကိုတော့ မသိရသေးပါဘူး။
အတ်ဝပ်ကတော့ ဒီစိန်ခေါ်မှုကို စိတ်လှုပ်ရှားတာကြောင့် လီဗာပူးထံ ပြန်လာတာလို့ ပြောပါသေးတယ်။ FSG ထံက ဘောလုံးနဲ့ပတ်သက်လို့ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိလာဦးမှာဖြစ်ကာ ဒီအရွေ့ကိုတော့ အတ်ဝပ်က ဦးဆောင်လာတော့မှာ ဖြစ်ပါတယ်။