မန်နေဂျာသစ်၊ ဆာလာ စာချုပ်၊ နွေအပြောင်းအရွှေ့တို့နဲ့ မိုက်ကယ်အတ်ဝပ် ဦးစားပေးရမယ့် ကိစ္စကြီး (၇) ရပ်

မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းကို FSG CEO အဖြစ် ဇွန်လ ၁ ရက်နေ့မှာ ပြန်ရောက်လာတော့မှာပါ။ အသင်းကို စဝင်လာပြီးနောက် သူလုပ်ရမယ့် ဦးစားပေး ကိစ္စ (၇) ရပ်ကို ဖော်ပြသွားပါမယ်။

၁) အားကစားဒါရိုက်တာ

မိုက်ကယ်အတ်ဝပ်ရဲ့ ပထမဆုံးတာဝန်က အားကစားဒါရိုက်တာ ရှာဖွေပေးဖို့ဖြစ်ပါတယ်။ ဒီကိစ္စကတော့ စိတ်ပူစရာ မရှိပါဘူး။ အတ်ဝပ်ဟာ ရစ်ချက်ဟုချ်နဲ့ ကြိုတင် သဘောတူညီမှု ယူထားပါပြီ။

၂) ကလော့ပ်နေရာ ဆက်ခံသူ

အလွန်ဆိုက ရေပန်းအစားဆုံးဖြစ်နေပေမယ့် လီဗာပူးအသင်း နည်းပြသစ် ဘယ်သူဖြစ်လာမယ် သေချာ မပြောနိုင်သေးပါဘူး။ အလွန်ဆို၊ အာမိုရင်းနဲ့ ဒီဇာဘီတို့ဟာ လီဗာပူးတင် မဟုတ်ဘဲ ဥရောပကလပ် အများအပြားက စိတ်ဝင်စားနေကြတာမို့ အသင်းရဲ့ ထိပ်တန်းပစ်မှတ်ကို ရအောင် ခေါ်ယူပေးဖို့ အားထုတ်ရမှာပါ။

၃) ဆာလာစာချုပ်ကိစ္စ

မိုဆာလာဟာ လီဗာပူးအသင်းနဲ့ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိတာမို့ ဒီနွေဟာ သူ့ကို ရောင်းချမလား စဉ်းစားရမယ့် အချိန်ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနွေမှာ ၃၂ နှစ်ပြည့်မှာဖြစ်ပါတယ်။ ဆာလာကို ဆော်ဒီကလပ်တွေက လိုချင်ပေမယ့် ကစားသမားကတော့ ဥရောပမှာပဲ ဆက်ကစားလိုပါတယ်။

၄) စာချုပ်ကိစ္စတွေ

ဗန်ဒိုက်နဲ့ ထရန့်ရဲ့ စာချုပ်ကလည်း ၂၀၂၅ မှာ ကုန်ဆုံးမှာပါ။ နည်းပြသစ်နဲ့အတူ လီဗာပူးခေတ်သစ်မှာ သူတို့ ၂ ဦးကို ဆက်ထိန်းထားနိုင်ရေး ကြိုးစားရပါမယ်။

၅) သီယေဂို

သီယေဂိုဟာ လီဗာပူးနဲ့ ၂၀၂၄ နွေမှာ စာချုပ်ကုန်မှာဖြစ်ပေမယ့် စာချုပ်ထဲမှာ ဘာတွေပါလဲ မသိရသေးပါဘူး။ သူက ထွက်သွားမှာလား ထပ်မံ သက်တမ်းတိုးမှာလား အဖြေရှာရမှာဖြစ်ပါတယ်။ အလွန်ဆိုဟာ သီယေဂိုနဲ့ တွဲဘက်ကစားဖူးပြီး အသင်းကို သူရောက်လာရင် စပိန်သားကို ဆက်ရှိစေချင်မယ်လို့လည်း သတင်းထွက်ထားပါတယ်။

၆) နွေပစ်မှတ်များ

အတ်ဝပ်အတွက် အရေးအကြီးဆုံးက နွေကာလမှာ နည်းပြသစ်အတွက် လူသစ် အချို့ကို အမြန်ဆုံး ခေါ်ယူပေးဖို့ ဖြစ်ပါတယ်။ လီဗာပူးအသင်းမှာ ခံစစ်မှူး တစ်နေရာနဲ့ ကွင်းလယ်ခံစစ်နေရာ အားဖြည့်ဖို့ လိုအပ်ချက်ရှိပြီး တိုက်စစ်ပိုင်းမှာ ဆာလာနေရာ ကြိုတင်ပြင်ဆင်ထားဖို့ကလည်း အရေးကြီးပါတယ်။

၇) အသင်းသစ်ရှာဖွေဖို့

လီဗာပူးပိုင်ရှင်တွေဟာ muti-club ပုံစံ စုဖွဲ့မှု စတင်တော့မှာပါ။ ဒါဟာ ယူအီးအက်ဖ်အေရဲ့ ထိန်းချုပ်မှုကြီးမားတဲ့ FFP ကို ဖောက်ထွက်ဖို့ရာ အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ပါတယ်။ အင်္ဂလန်ပြင်ပ ကလပ်တစ်သင်းနဲ့အတူ ကြယ်ပွင့်တွေကို လွတ်လပ်စွာ ခေါ်ယူ ပျိုးထောင်ပြီး လီဗာပူးလို အဆင့်မှာ ကစားဖို့ ထိုက်တန်ရင် ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။