လီဗာပူးအသင်း ပိုင်ရှင်တွေဖြစ်ကြပြီး ဉာဏ်ကြီးရှင်တွေအဖြစ် တင်စားခံရတဲ့ FSG အဖွဲ့ကတော့ ခေတ်သစ်ဘောလုံးလောကမှာ ရှင်သန်ရေးဟာ muti-club တည်ထောင်ခြင်းပဲဖြစ်တယ်လို့ တွက်ဆခဲ့ကြပါတယ်။
ဒီအကြောင်းကို ဖော်ထုတ်ခဲ့သူက အန်ဖီးရဲ့ တိုးတိတ်လှတဲ့ kingmaker ကြီး အဖြစ် သိကြတဲ့ FSG ဥက္ကဋ္ဌ မိုက်ဂေါ်ဒန်ပဲဖြစ်ပါတယ်။ ဂျွန်ဟင်နရီ၊ တွမ်ဝါနာတို့ထက်စာရင် လီဗာပူးအသင်းရဲ့ ကြီးကျယ်လှတဲ့ အပြောင်းအလဲတွေကို လက်တွေ့ အကောင်အထည် ဖော်ရသူကလည်း ဂေါ်ဒန် ပဲဖြစ်ပါတယ်။
ဘော့စတွန်ရုံးချုပ်နဲ့ လီဗာပူးအသင်းကြား ချိတ်ဆက်ပေးသူဖြစ်တဲ့ ဂေါ်ဒန်ဟာ လီဗာပူးအတွက် အရေးကြီးသူ ဆိုပေမယ့် ကားလိပ်ကာနောက်မှာပဲ ရှိနေတတ်သူပါ။ သူဟာ အများပြည်သူ မြင်ကွင်းထဲ ထွက်လာလေ့ သိပ်မရှိလှပေမယ့် လီဗာပူးရဲ့ အရေးကြီး အော်ပရေးရှင်းတိုင်းမှာတော့ သူ့နာမည်ပါဝင်တာကို မြင်ဖူးတတ်ကြပါတယ်။
တွက်ရေးချက်ရေး စက်သူဌေးသမား ဂေါ်ဒန်ဟာ လီဗာပူးပိုင်ရှင် အမေရိကန် အဖွဲ့ရဲ့ အထူးချွန်ဆုံးသော ကိန်းဂဏန်းပိုင်း ကျွမ်းကျင်သူဆိုလည်း မမှားပါဘူး။ အချိန်အများစုကို Boston မှာပဲ ရှိနေတတ်သလို သူဟာ Fenway Park အနီးက ရုံးမှာပဲ ရုံးတက် ရုံးဆင်း လုပ်လေ့ရှိပါတယ်။
ခေတ်သစ် လီဗာပူး တည်ဆောက်မှုမှာ ဂေါ်ဒန်ကိုယ်တိုင် သူ့ခြေ သူ့လက်နဲ့ ပါဝင်ခဲ့တာပါ။ မိုက်ကယ်အတ်ဝပ်လို လီဗာပူးရဲ့ အားကစားဒါရိုက်တာတွေနဲ့ ဘရန်ဒန် ရော်ဂျာ၊ ယာဂင်ကလော့ပ်လို နည်းပြတွေ အားလုံးကို သူပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အခုတစ်ကြိမ် FSG CEO အဖြစ် မိုက်ကယ်အတ်ဝပ်ကို ရွေးချယ်ခဲ့တာကလည်း ဂေါ်ဒန်ပါဆိုတာကို လီဗာပူးပရိသတ်တွေကြား သိသူ နည်းပါးပါလိမ့်မယ်။
FSG ရဲ့ ကမ္ဘာကျော် မောင်းနှင်မှုစနစ် ‘Moneyball’ ဟာ ဒီကရှေ့ ပိုမို အင်အားချဲ့လာတော့မှာဖြစ်ကာ မိုက်ကယ်အတ်ဝပ်အပြင် FSG အဖွဲ့ထဲကို Theo Epstein ကိုလည်း ပြန်လည် ခေါ်ယူထားပါတယ်။ (Boston Red Sox ကို ၉ နှစ်ကြာ တာဝန်ယူခဲ့စဉ်က World Series အနိုင်ရစေသူ၊ အားကစားဒါရိုက်တာ ရာထူးနဲ့ တူညီတဲ့ general manager တာဝန်ယူခဲ့သူ)
ဒီကရှေ့တော့ လီဗာပူးပရိသတ်တွေဟာ ဂေါ်ဒန်အကြောင်း ပိုလို့တောင် သိမှု နည်းပါးပါလိမ့်မယ်။ ဂေါ်ဒန်ဟာ သူ့ရဲ့ လီဗာပူး တာဝန်တွေကို မိုက်ကယ်အတ်ဝပ်ထံ လွဲပြောင်းပြီး FSG ထံ ပြန်သွားပါလိမ့်မယ်။ အနောက်ကို ပိုဝင်သွားပါလိမ့်မယ်။
အဲ့လို နောက်ဆုတ်မှုမတိုင်ခင် ဂေါ်ဒန်က လီဗာပူးဝန်ထမ်းတွေကို အီမေးလ်တစ်စောင် ပို့ခဲ့ပါတယ်။ မေးလ်ထဲမှာ လီဗာပူးအသင်း ရေရှည်အောင်မြင်ရေး multi-club လို့ ခေါ်တဲ့ မိတ်ဖက်ကလပ် စနစ်ကို စတင် တည်ဆောက်မယ့်အကြောင်းကို အလေးပေး ရေးသားထားတာ ပါဝင်လာခဲ့ပါတယ်။
မိုက်ဂေါ်ဒန်က “ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာပဲ ကမ္ဘာ့ဘောလုံးလောကဟာ ကြီးကြီးမားမား ပြောင်းလဲလာခဲ့ပြီး ပိုမိုခေတ်မီလာသလို စိန်ခေါ်မှုတွေများစွာ ဖြစ်လာစေပါတယ်။ ဆက်လက် ပြိုင်ဆိုင်နိုင်ဖို့ဆိုရင် အသာစီးရနိုင်ရေးအတွက် ကျနော်တို့ဟာ ရှာဖွေနိုင်သမျှ နည်းလမ်းတိုင်းကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။
မိုက်ကယ်အတ်ဝပ်ဟာ ကိစ္စတိုင်းကို ဖြေရှင်းရတော့မယ်၊ ကျနော်တို့ရဲ့ လုပ်ငန်းစဉ် လည်ပတ်မှုတွေနဲ့ ယှဉ်ပြိုင်မှု ရည်မှန်းချက်တွေကို မောင်းနှင်းနိုင်ရေးအတွက် နောက်ထပ် ကလပ်တစ်သင်း ဝယ်ယူဖို့ကို လမ်းကြောင်းတစ်ခုကို သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
ဒါဟာ လာမယ့် သီတင်းပတ်တွေ၊ လတွေမှာ ကျနော် အပါအဝင် ကျနော်တို့ ပိုင်ရှင်အဖွဲ့တစ်ခုလုံး အနီးကပ် အလုပ်လုပ်ရမယ့် ပရော်ဂျက်ပဲ ဖြစ်ပါတယ်။ ဒီလိုကြောင့်တော့ လီဗာပူးအပေါ် ရင်းနှီးမြုပ်နှံမှု၊ အာရုံစိုက်မှု၊ ဂရုစိုက်မှုတွေကို ဖယ်ထုတ်မသွားဖို့လည်း အရေးကြီးပါတယ်။
တကယ်တမ်းမှာ ဒါဟာ အနာဂတ်မှာ ကျနော်တို့ရဲ့ လီဗာပူးအသင်း ပိုမို အားကောင်းသန်မာလာရေးကို အကူအညီပေးမယ့် နည်းလမ်းပါပဲ။ ” လို့ ရေးသားထားတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးလောက မျက်နှာစာဟာ ပြောင်းလဲနေပါပြီ။ လာမယ့်ရာသီကစလို့ ချန်ပီယံလိဂ်တောင်မှ လူတိုင်းသိတဲ့ ချန်ပီယံလိဂ်မျိုး မဟုတ်နိုင်တော့ပါဘူး။ လူတိုင်း မမြင်ဖူးသေးတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း ပုံစံသစ်ဖြင့် ထွက်ပေါ်လာတော့မှာပါ။
ကလော့ပ် မရှိတော့ခြင်းဆိုတာထက် ပိုမိုကျယ်ပြောတဲ့ စိန်ခေါ်မှုကြီးဟာ လီဗာပူးအသင်းကို အဆင်သင့် စောင့်ကြိုနေပြီး ဒါတွေကို ရင်ဆိုင်ဖို့ ခွန်အား၊ ဉာဏ်ပညာနဲ့ ခိုင်မာတဲ့ ပေါင်းစပ်မှုတို့ကို စုစည်းနိုင်ဖို့ အသင်းဘက်က ပလန်နေပြီဖြစ်ပါတယ်။