ငယ်ရွယ်တဲ့ ဘောလုံးပရိသတ်တွေ အနေနဲ့ ယူအီးအက်ဖ်အေ အဆင့်ရပ်တည်မှုကို ဘယ်လို တွက်ချက်သလဲဆိုတာကို မသိကြတာ ရှိသလို အချို့ ပရိသတ်တွေကလည်း ဒီအကြောင်းကို သေချာ နားမလည်ကြတာတွေ ရှိပါတယ်။ ဒီအကြောင်းကို ရှင်းပြပေးပါမယ်။
Club coefficients လို့ ခေါ်တဲ့ ကလပ်တွေရဲ့ အဆင့်ရပ်တည်မှုဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ နောက်ဆုံး ၅ ရာသီ ပါဝင်ယှဉ်ပြိုင်မှုကို တွက်ချက်ပေးပါတယ်။ ဒီတွက်ချက်မှုဟာ ယူအီးအက်ဖ်အေရဲ့ ပြိုင်ပွဲတွေမှာ ဦးစားပေးအဆင့်ကို ရွေးချယ်တဲ့အခါ အတော်လေး အရေးပါပါတယ်။
တစ်ရာသီစာ Club coefficients အတွက်ကိုတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ဘယ်အဆင့်ကို ရောက်ရှိသလဲဆိုတဲ့အပေါ် အခြေခံ တွက်ချက်ပေးပါတယ်။ တစ်ရာသီစာ ရလဒ်ကိုမှ ပြီးခဲ့တဲ့ ၄ ရာသီက ရလဒ်နဲ့ ပေါင်းထည့်လိုက်မယ်ဆိုရင် ရာသီသစ်အတွက် ယူအီးအက်ဖ်အေ ပြိုင်ပွဲတွေမှာ ကလပ်တွေက ဘယ်လို ဦးစားပေးခံရမလဲဆိုတဲ့ ရလဒ် ထွက်လာပါမယ်။
Coefficient တွက်ချက်နည်း
ယူအီးအက်ဖ်အေ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတွေ ရမယ့် အမှတ်ပုံစံ
- ခြေစစ်ပွဲ ပထမအဆင့် – ဝ.၅ မှတ်
- ခြေစစ်ပွဲ ဒုတိယအဆင့် – ၁ မှတ်
- အုပ်စုအဆင့် ဝင်ရောက်ခဲ့ရင် – ၄ မှတ်
- အုပ်စုအဆင့်မှ နိုင်ပွဲတိုင်းအတွက် – ၂ မှတ်
- အုပ်စုအဆင့် သရေရလဒ်အတွက် – ၁ မှတ်
- ၁၆ သင်းအဆင့်ကို ရောက်ရှိခဲ့ရင် – ၄ မှတ်
ကလပ်တွေဟာ ၁၆ သင်းအဆင့်ကို ကျော်လွန်ပြီး ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲကို ရောက်သွားတိုင်းမှာ ရမှတ်တွေ ထပ်ပြီး ပေါင်းထည့်ခံရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက ချန်ပီယံလိဂ် ခြေစစ်ပွဲဝင် အသင်းတွေက တတိယအဆင့် ခြေစစ်ပွဲကို မအောင်မြင်လို့ (သို့) play-offs ကို အရေးနိမ့်ခဲ့လို့ရှိရင် ရမှတ်တွေ ရမှာမဟုတ်ဘဲ ယူရိုပါလိဂ်ကို ပြောင်းပြီး ပါဝင်ရမှာဖြစ်ကာ ယူရိုပါလိဂ် ရမှတ် တွက်ချက်မှုနဲ့ တွက်ချက်ပေးပါမယ်။
ယူရိုပါလိဂ် ရမှတ်တွက်ချက်မှုစနစ်
- ခြေစစ်ပွဲ ပထမအဆင့် – ဝ.၂၅ မှတ်
- ခြေစစ်ပွဲ ဒုတိယအဆင့် – ဝ.၅ မှတ်
- ခြေစစ်ပွဲ တတိယအဆင့် – ၁ မှတ်
- Play-off အဆင့် – ၁.၅ မှတ်
- အုပ်စုအဆင့် ဝင်ရောက်ခဲ့ရင် – ၂ မှတ်
- အုပ်စုအဆင့်မှ နိုင်ပွဲတိုင်းအတွက် – ၂ မှတ်
- အုပ်စုအဆင့် သရေရလဒ်အတွက် – ၁ မှတ်
နောက်ထပ် အဆင့်တွေအတွက်နဲ့ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေအတွက် ရမှတ်တွေ ထပ်ပေါင်းရမှာဖြစ်ကာ ပင်နယ်တီ အဆုံးအဖြတ်တွေအတွက်ကိုတော့ ရမှတ်တွေ သက်ရောက်မှာ မဟုတ်ပါဘူး။ ဒီတွက်ချက်မှု အကြမ်းဖျဉ်း တွက်ချက်မှုဖြစ်ပြီး နှစ်တိုင်းမှာ ပုံစံ အနည်းငယ် ပြောင်းလဲမှုရှိတတ်ပါတယ်။
ရာသီသစ်အတွက် ယူအီးအက်ဖ်အေရဲ့ ကလပ်အဆင့် ရပ်တည်မှု တွက်ချက်ရာမှာ ချန်ပီယံလိဂ်ကို လောလောလတ်လတ် အနိုင်ရထားတဲ့ လီဗာပူးအသင်းက အဆင့် ၁၀ နေရာမှာပဲ ရှိနေပြီး မန်စီးတီးနဲ့ ယူနိုက်တက်တို့က ပိုကောင်းတဲ့ အဆင့်တွေမှာ ရှိနေခဲ့ပါတယ်။ ဒါကတော့ နှစ်အတိုင်း ရပ်တည်မှုကို ၅ နှစ်စာ စုစုပေါင်း ပေါင်းထည့်မှုမှာ လီဗာပူးရဲ့ ရမှတ်က ပိုနည်းလို့ဖြစ်တယ်။
၂၀၁၆-၂၀၁၇ ခုနှစ်မှာ လီဗာပူးအသင်းက ချန်ပီယံလိဂ်မှာကော၊ ယူရိုပါလိဂ်မှာပါ ပါဝင်ကစားရခြင်း မရှိပါဘူး။ ယူအီးအက်ဖ်အေရဲ့ ကလပ်အဆင့် ရပ်တည်မှု ၅ နှစ်စာ ပေါင်းထည့်မှုမှာ လီဗာပူးက ၄ ရာသီပဲ ကစားခဲ့ရခြင်းကြောင့် စုစုပေါင်း ရမှတ်မှာ နည်းပါးနေခြင်းဖြစ်ပါတယ်။
ယူအီးအက်ဖ်အေရဲ့ Club Ranking စနစ်ဟာ ဥရောပပြိုင်ပွဲမှာ နှစ်စဉ် ပါဝင်နိုင်ဖို့က အရေးပါပြီး တစ်ရာသီ မပါနိုင်ခဲ့ရင် (သို့) ယူရိုပါလိဂ်မှာပဲ ကစားရရင် ရမှတ် ထိခိုက်မှု များမှာဖြစ်တယ်။ ဒီရမှတ်တွေဟာ အုပ်စုတွင်းခွဲမှု ဦးစားပေးလို ကိစ္စအပြင်၊ ဥရောပပြိုင်ပွဲ ဆုကြေးတွေအတွက်ပါ အရေးပါမှာ ဖြစ်ပါတယ်။