ဒီရက်ထဲမှာ လူးဝစ် ဒီယက်ဇ်ကို ဥရောပထိပ်သီးအသင်း အချို့က စိတ်ဝင်စားနေကြောင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ယာဂင်ကလော့ပ် လက်အောက်မှာ လီဗာပူးအသင်း အဓိက ကစားသမား တစ်ဦးလည်းဖြစ်တဲ့ ဒီယက်ဇ်ဟာ အသင်းနဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားတာပါ။ မကြာသေးခင်ကပဲ ကစားသမားရဲ့ အေးဂျင့်ဟာ ဘာစီလိုနာ ဥက္ကဋ္ဌ လာပေါ်တာနဲ့ တွေ့ဆုံခဲ့ကြောင်းကို ကိုလံဘီယာသတင်းစာတွေက ဖော်ထုတ်ခဲ့ပါတယ်။
နောက်ဆက်တွဲအဖြစ် အေးဂျင့်ဖြစ်သူက ဒီယက်ဇ်ကို လီဗာပူးကနေ ခေါ်ထုတ်လိုရင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀-၁၄၀ ကြား တောင်းဆိုလိမ့်မယ် ဆိုတဲ့ သတင်း ထွက်ရှိလာခဲ့တယ်။ ဘာစီလိုနာဟာ ဒီယက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်မယ့် အင်အားမျိုး မရှိပါဘူး။
အင်္ဂလန်တွင်းမှာတော့ လီဗာပူးအသင်းဟာ ဒီနွေမှာ တိုက်စစ်သမား ၅ ဦးထဲက တစ်ဦးကို ရောင်းချကာ တိုက်စစ်ပိုင်း ပြင်ဆင်ဖွဲ့စည်မယ်လို့ သတင်းထွက်ထားပါတယ်။ ဒါပေမယ့် ရောင်းထုတ်ခံရမယ့်သူက ဒီယက်ဇ်ထက်စာရင် ဆာလာဖြစ်မယ်လို့ ယူဆခံရတာပါ။
ဒီယက်ဇ်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ပေါ်ပေါက်လာခြင်းဟာ ဒီနွေမှာ ပြင်ဆင်မှုကြီးတွေ ပြုလုပ်ရမယ့် လီဗာပူးမှာ ဒီယက်ဇ် စာချုပ်သစ်ရဖို့ အေးဂျင့်ဖြစ်သူ ဝင်ရောက် လှုပ်ရှားလာခြင်းလို့ သုံးသပ်ခံရတယ်။ ဒီရက်ပိုင်း သတင်းတွေအရတော့ အဆိုပါ ယူဆချက်က မှားယွင်းနေပါတယ်။
ပြင်သစ် နာမည်ကျော် သတင်းဌာန RMC Sport နဲ့ ကိုလံဘီယာ နာမည်ကြီး သတင်းထောက် Pipe Sierra တို့ကပဲ ပီအက်စ်ဂျီဟာ ဒီယက်ဇ်ကို အမှန်တကယ် စိတ်ဝင်စားနေတာလို့ ဖော်ပြပါတယ်။
လက်တလောမှာ ပီအက်စ်ဂျီဘက်က လီဗာပူးကို ဆက်သွယ်မှု မလုပ်သေးသလို ကစားသမားကလည်း လီဗာပူးအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားကြောင်း Fabrizio Romano ကလည်း Caught Offside ကနေ ရေးသားသွားပါတယ်။
ဒီယက်ဇ်ရဲ့ ကိစ္စဟာ အစပိုင်းပဲ ရှိသေးပေမယ့် အေးဂျင့်နဲ့ ကလပ်တွေကြား မီဒီယာကနေ အားစမ်းမှုက စတင်နေပါပြီ။ လီဗာပူးအသင်းဟာ ဒီနွေမှာ အပြောင်းအလဲကြီးတွေ လုပ်ရမှာဖြစ်ပေမယ့် ကလပ် တည်ငြိမ်ရေး အမာခံ လူစာရင်းတစ်ခုကို ဆက်ထိန်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။