လီဗာပူးအသင်း ပိုင်ရှင်တွေဖြစ်တဲ့ FSG အဖွဲ့ဟာ multi-club model ပုံစံ စုဖွဲ့ဖို့ ခြေလှမ်းသစ်ကို စတင်ခြင်းအဖြစ် မိုက်ကယ်အတ်ဝပ်ကို FSG Football CEO ရာထူး ပေးအပ်လိုက်ပါပြီ။
ကမ္ဘာ့ဘောလုံး မျက်နှာစာဟာ ပြောင်းလဲလာခဲ့ပြီဖြစ်ကာ ပရိသတ်ပိုင် ကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်ကလွဲရင် အခြားသော ထိပ်သီးကလပ်တွေဟာ multi-club ပုံစံတွေ ခြေလှမ်းစထားခဲ့ပြီဖြစ်ပါတယ်။
ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့ ဥရောပဘောလုံးစျေးကွက်မှာတော့ ကလပ်တွေဟာ တစ်သင်းတည်းဖြင့် ရပ်တည်ဖို့ထက် အစုအဖွဲ့ပုံစံ တိုးချဲ့လာကြပြီး ထင်ရှားတဲ့ အဖွဲ့တွေကတော့ ရတ်ဘူးဘောလုံးအဖွဲ့နဲ့ စီးတီးဘောလုံးအဖွဲ့တို့ ဖြစ်ကြပါတယ်။
ဒါပေမယ့်လို့ ပရီးမီးယားလိဂ်မှာ multi-club model ပုံစံ ဖွဲ့စည်းထားတဲ့ အသင်းတွေဟာ ထင်ထားတာထက် ပိုများပြားပါလိမ့်မယ်။ မကြာခင် အသင်းကလည်း စတင်လာတော့မှာမို့ လီဗာပူးပရိသတ်တွေ သိထားဖို့လိုအပ်မယ့် multi-club အဖွဲ့တွေကို ဖော်ပြသွားပါမယ်။
City Football Group
မန်စီးတီး ဦးဆောင်ပါဝင်တဲ့ ဒီအဖွဲ့ကို အဘူဒါဘီနောက်ခံရှိတဲ့ အဖွဲ့အစည်းက ပိုင်ဆိုင်ပါတယ်။ ကလပ်ပေါင်း ၁၃ သင်းထိ ရှိတဲ့ ဒီအဖွဲ့မှာ မန်စီးတီးပြီးရင် နာမည်အကြီးဆုံးက စပိန်အခြေစိုက် ဂျီရိုနာအသင်းဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ အတောင့်တင်းဆုံး အစုအဖွဲ့တစ်ခုဖြစ်ပါတယ်။
Chelsea’s BlueCo
ချယ်ဆီးအသင်းကို ဝယ်ယူခဲ့တဲ့နောက် လူသိများလာတဲ့ ဒီအဖွဲ့မှာတော့ လီဂူးဝမ်းကလပ် Strasbourg ကို ပိုင်ဆိုင်ထားပါတယ်။ အမေရိကန်အဖွဲ့ဟာ မန်စီးတီးပုံစံ တည်ဆောက်ဖို့ကို ရည်ရွယ်နေကာ ပေါ်တူဂီလိဂ် ဒါမှမဟုတ် နယ်သာလန်လိဂ်မှာ ကလပ်တစ်သင်းကို ဝယ်ယူဖို့ ကြိုးစားနေပါတယ်။
Newcastle + Saudi Pro League
ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို ပိုင်ဆိုင်ထားတာက ဆော်ဒီအဖွဲ့ဖြစ်ပါတယ်။ ဆော်ဒီရင်းနှီးမြုပ်နှံမှုအဖွဲ့ PIF ဟာ နယူးကာဆယ်အပြင် ဆော်ဒီ နာမည်ကြီးကလပ်တွေဖြစ်တဲ့ Al-Hilal, Al-Nassr, Al-Ittihad, Al-Ahli တို့ကိုလည်း ပိုင်ဆိုင်ပါတယ်။
Eagles Football Holdings
ဒီအဖွဲ့ရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်ကလပ် ပဲလေစ့်အပြင် ပြင်သစ်လိဂ်ကလပ် လိုင်ယွန်နဲ့တကွ နောက်ထပ် ကလပ် ၃ သင်း ဝန်းကျင် ပါဝင်ထားပါတယ်။
အခြား multi-club များ
ထပ်ပြီးလည်း ဘရိုက်တန်အသင်း ပိုင်ရှင်တွေဟာ ဘယ်ဂျီယံကလပ် Union Saint-Gilloise ကို ပူးတွဲ ပိုင်ဆိုင်ထားပါတယ်။ အက်စတွန်ဗီလာ ပိုင်ရှင်တွေကတော့ ပေါ်တူဂီကလပ် Vitoria ရဲ့ ပူးတွဲပိုင်ရှင်တွေဖြစ်ပါတယ်။
နော်တင်ဟမ်ဖောရက်စ် ပိုင်ရှင်ဟာ ဂရိကလပ် အိုလံပီယာကိုစ့်ကို ပိုင်ဆိုင်ထားပြီး ဘုန်းမောက်အသင်းကတော့ စကော့ကလပ် Dundee United နဲ့ အပြန်အလှန် လူစာရင်း မျှဝေဖို့ သဘောတူညီမှု ယူထားတာ ဖြစ်ပါတယ်။