လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဂျာမာန် ဘောလုံးလက္ခဏာလို့ မြင်လာစေတဲ့အထိ လွှမ်းမိုးမှုကြီးမားတဲ့ ဖိအားပေး ကစားဟန်ကို ကိုယ်ပိုင်နည်းလမ်းဖြင့် ဖန်တီးခဲ့သူပါ။
ဘွန်ဒက်လီဂါရဲ့ ဘုရင်ကြီးလို့တောင် တင်စားခံရပြီး မျက်မှောက် ဂျာမနီဘောလုံးလောကရဲ့ အရှိန်အဝါအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဘွန်ဒက်လီဂါကလပ် အများအပြားက သူ့ရဲ့ ဖိအားနည်းစနစ်ကို ဆင့်ပွှားပြီး ကစားလာခဲ့တာကြောင့် ဂျာမနီဘောလုံးရဲ့ အမှတ်လက္ခဏာက ဖိအားပေး ကစားနည်းဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လို့ ဒီဘက်နှစ်တွေမှာ ယာဂင်ကလော့ပ်ဟာ နည်းပြအဖွဲ့ဝင်ပိုင်း ပြောင်းလဲမှုနဲ့အတူ သူ့ရဲ့ ကစားဟန်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။ အဓိကအားဖြင့် ကာလရှည် လက်တွဲလာတဲ့ ဘောစနီးယန်း-ဆားဘီးယားသား ဘူဗက်နဲ့ နည်းစနစ်ပိုင်းတွေမှာ အမြင်ကွဲလာခဲ့ခြင်းကြောင့် လမ်းခွဲခဲ့ပြီး သူ့ရဲ့ ဖိအားပေးနည်းကို ပိုပြည့်စုံစေတဲ့ လူငယ်နည်းပြ လင်ဒါးကို အဓိက လက်ထောက်တစ်ဦးအဖြစ် နေရာပေးခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေကြား သတိထားမိသူတွေ ရှိကြတာလည်း ဖြစ်နိုင်ပေမယ့် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ ကုန်ခါနီးမှာ ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ ဘူဗက်ဟာ နည်းပြအဖွဲ့ဝင်စာရင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ နှစ်နှစ် အကြာမှာ ဘူဗက်ဟာ ဒိုင်နမို မော်စကိုအသင်းကို အားကစားဒါရိုက်တာအဖြစ် တာဝန်ယူလိုက်ခြင်းနဲ့အတူ သူဟာ လီဗာပူးအသင်း နည်းပြအဖွဲ့ဝင် မဟုတ်တော့ဘူးဆိုတာ အတည်ပြုနိုင်ခဲ့တယ်။
ကလော့ပ်ရဲ့ ဦးနှောက်ရယ်လို့ ထင်ရှားတဲ့ ဘူဗက်ရဲ့ လမ်းခွဲဇာတ်လမ်းက ဘာဖြစ်ခဲ့လဲ မေးခွန်းတစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်အတွင်း ရိုးမားမှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲ မတိုင်ခင် ၂ ရက်အလိုမှာ ဘူဗက်ကို လီဗာပူးလူစာရင်းမှာ စတင်ပြီး မမြင်ရတော့တာပါ။ နောက်ပိုင်း အင်တာဗျူးတွေမှာ ကလော့ပ်က သူ့ရဲ့ ညာလက်ရုံးအကြောင်း အဖြေမပေးခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်လို့တော့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ဂျာမနီမှာတည်းက ကလော့ပ်နဲ့အတူ လက်တွဲခဲ့တဲ့ ဘူဗက်ဟာ မိန်ဇ်၊ ဒေါ့မွန်၊ လီဗာပူးအသင်းတွေမှာ ကလော့ပ်နဲ့ ၁၇ နှစ်ကြာ လက်တွဲခဲ့သူဖြစ်ပါတယ်။ ဂျာမနီဘောလုံး ကျွမ်းကျင်သူ Raphael Honigstein ရဲ့ အဆိုအရ ဘူဗက်က လင်ဒါးအပေါ် ကလော့ပ်ရဲ့ နေရာပေးမှုကို မနှစ်သက်ခြင်းကြောင့် အသင်းကနေ ထွက်ခွာသွားခဲ့တာလို့ ဆိုတယ်။ လက်ရှိ အချိန်ထိတော့ ကလော့ပ်ရဲ့ နည်းစနစ်ပိုင်းကို ဘူဗက်က ဆန့်ကျင်မှုတွေ ရှိခဲ့ပြီး လင်ဒါးထံကတော့ ပိုကောင်းတဲ့ အမြင်တွေရတာက အပြောင်းအလဲ ဖြစ်စေတယ်လို့ ယုံကြည်ရတာဖြစ်တယ်။
၂၀၁၄ ခုနှစ်မှာ လီဗာပူးအသင်းကို ယူ-၁၆ အသင်း နည်းပြအဖြစ် ရောက်လာခဲ့တဲ့ လင်ဒါးဟာ ၂၀၁၈ ခုနှစ်မှာ စီနီယာမန်နေဂျာအဖြစ် အလုပ်လုပ်ဖို့ အသင်းကနေ တစ်ကြိမ် ထွက်သွားပေမယ့် မကြာခင်မှာပဲ အသင်းထံ ပြန်ရောက်လာခဲ့သူဖြစ်တယ်။ ဒုတိယအကြိမ်မြောက် အသင်းထံ ပြန်ဝင်လာချိန်မှာ သူဟာ Elite development coach ရာထူးလောက်တင် မဟုတ်ဘဲ ကလပ်ရဲ့ အရေးကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တယ်။ လင်ဒါးဟာ လူငယ်နည်းပြ၊ ပထမအသင်း တိုးတက်မှုဆိုင်ရာနည်းပြ စသဖြင့် အဆင့်ဆင့် ရာထူးတက်လာခဲ့ပြီး လက်ရှိ ရာထူးကတော့ နံပါတ် ၃ ဖြစ်တဲ့ လက်ထောက်နည်းပြဖြစ်ပါတယ်။
လင်ဒါးဟာ လီဗာပူးအသင်း နည်းပြအဖွဲ့မှာ စတုတ္ထနေရာ ရယူထားခဲ့ရာက ဘူဗက်မရှိတဲ့နောက် ကလေ့ာပ်ရဲ့ လက်ရုံး တတိယနေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ရဲ့ နည်းပြသက်တမ်းတစ်လျှောက်လုံးမှာ ဘေးက အတူရှိခဲ့တဲ့ ခရာဝစ်ဇ်ဟာ လက်ရှိအချိန်ထိ နံပါတ် ၂ ရာထူးအဖြစ် လက်ထောက်နည်းပြအဖြစ် ရှိနေသေးပေမယ့် သူက လင်ဒါးလို ကစားသမားတွေနဲ့ နည်းစနစ်ပိုင်း စီမံသူနေရာ ဝင်မပါဘဲ သူ့ရဲ့တာဝန်ဖြစ်တဲ့ နည်းစနစ်ရေးရာ ခွဲခြမ်းစိတ်ဖြာမှုကို အကောင်းဆုံး ဆက်လုပ်ပေးနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ခရာဝစ်ဇ်ဟာ နံပါတ် ၂ ဖြစ်ပေမယ့် နံပါတ် ၃ ဖြစ်တဲ့ လင်ဒါးကပဲ လီဗာပူးစီနီယာအသင်းမှာ ပိုမို ပါဝင်မှု ကြီးမားပါတယ်။ မကြာသေးခင်ကဆိုရင် ကလော့ပ်ကို နည်းစနစ် တိုင်ပင်နေတဲ့ လင်ဒါးဟာ ပြစ်ဒဏ်ကိစ္စအတွက် လမ်းပတ်နဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး ကလော့ပ်ရဲ့ ကာကွယ်ပေးမှုကို ရခဲ့ခြင်းက လီဗာပူးမှာ သူ့ရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။
လင်ဒါးရဲ့ နည်းပြဘဝကို ပြန်ကြည့်မယ်ဆိုရင် သူက ငယ်စဉ်တည်းက ဘောလုံးသမားဖြစ်ဖို့ထက် နည်းပြဖြစ်ဖို့ကို ဝါသနာထုံသူပါ။ ၂၀၀၂ ခုနှစ်မှာ နယ်သာလန်ကလပ် ပီအက်စ်ဗီနဲ့ နည်းပြဘဝ စခဲ့ပေမယ့် ၂၀၀၆ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ထိ ပေါ်တိုမှာ လူငယ်နည်းပြအဖြစ် အလုပ်လုပ်ခဲ့ကာ အဆိုပါ ရာထူးနဲ့ပဲ လီဗာပူးအသင်းကို ရောက်လာခဲ့ပါတယ်။
လင်ဒါးအပေါ် လွှမ်းမိုးမှုကြီးတဲ့ ဘောလုံးယဉ်ကျေးမှု နှစ်ခုကတော့ ဒတ်ချ်နာမည်ကျော် တိုက်စစ်အသားပေး Total Football နဲ့ ပေါ်တူဂီရဲ့ မာန်ဟုန်ပြင်းတဲ့ aggression ကစားဟန်တွေပဲဖြစ်ပါတယ်။ ဒီဘောလုံးယဉ်ကျေးမှု နှစ်ခုအပေါ် သူ့ရဲ့ နှစ်သက်မှုက ယာဂင်ကလော့ပ်ရဲ့ နာမည်ကျော် ဖိအားပေးကစားနည်းထဲ ပေါင်းစပ် ယဉ်ကျေးမှုတွေအဖြစ် ဝင်ရောက်ဖို့ရာ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။
လက်ထောက်နည်းပြအဖြစ် လင်ဒါး တာဝန်ယူအပြီးမှာ သူ့ရဲ့ တာဝန်ဟောင်းဖြစ်တဲ့ Elite development coach တာဝန်ကိုတော့ ဗစ်တာမာတိုစ့် တာဝန်ယူပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာမှာ မာတိုစ့်ဟာ ပေါ်တိုအသင်းက ပြောင်းလာခဲ့ကာ ပေါ်တူဂီသားကို ထောက်ခံမှု ပေးခဲ့သူက လင်ဒါးကိုယ်တိုင်ပါ။ ယူအီးအက်ဖ်အေ-အေ လိုင်စင် ကိုင်ဆောင်ထားတဲ့ သူ့ကို ခေါ်ယူခြင်းဟာ လီဗာပူး လူငယ်အသင်းတွေထံ လက်ရှိ ပျိုးထားတဲ့ ပေါ်တူဂီ ယဉ်ကျေးမှုတွေ ပိုတိုးတက်လာဖို့ အထောက်အကူ ဖြစ်ပါမယ်။
ကလော့ပ်ဟာ ပိုင်ဆိုင်မှုယူပြီး ဘောလုံးပေးမှုကို အခြေခံတဲ့ နည်းစနစ်အားသန် နည်းလမ်းထက်၊ စိတ်ပြင်းပြမှုကို အခြေခံပြီး ပြိုင်ဘက်ကို မာမာထန်ထန်ကစားတဲ့ ရန်လိုတိုက်ခိုက်ဟန်ကို ပိုပြီး နှစ်သက်သူဖြစ်တယ်။ ဒါကြောင့်လည်း Total Football ကနေ ခွဲထွက်လာတဲ့ ဖိအားပေး ကစားဟန်တွေအဖြစ် မျက်မှောက်ခေတ်မှာ နာမည်ရတဲ့ ဂွာဒီယိုလာရဲ့ နည်းစနစ်အသားပေး ဖိအားပေး ကစားဟန်နဲ့ ယာဂင်ကလော့ပ်ရဲ့ စိတ်ပြင်းပြမှုကို အသားပေးတဲ့ ဖိအားပေးကစားဟန်တွေက ကွဲပြားမှုတွေ ရှိလာတာဖြစ်တယ်။
ကလော့ပ်ဟာ ကောင်တာတိုက်စစ် ပြန်စဖို့မှာ သူ့ကစားသမားတွေ အမြဲတမ်း အဆင်သင့်ဖြစ်တာကို မြင်လိုတယ်၊ စိတ်ဓါတ်ပိုင်းမှာ အမြဲတမ်း ရာနှုန်းပြည့်ဖြစ်တာကို မြင်လိုတယ်၊ ကြံ့ခိုင်မှုပိုင်းမှာ အမြဲတမ်း အဆင်သင့် ဖြစ်နေစေလိုတယ်။ နောက်ပြီး ယာဂင်ကလော့ပ်ဟာ အားကစား-သိပ္ပံ ဒီပလိုမာရထားသူဖြစ်ပြီး သူက ဘောလုံးအားကစားကို ပိုကောင်းလာဖို့ အမြဲတမ်း ကြံဆနေသူပါ။ ဒါကြောင့်လည်း အားကစား-သိပ္ပံ ပေါင်းစပ်မှုအဖြစ် အဟာရဗေဒပညာရှင် မိုနာနမ်မာကို head of nutrition အဖြစ် ၂၀၁၇ ထဲက ခေါ်ယူခဲ့သလို ရေလွှာလျောစီး ကမ္ဘာချန်ပီယံကို သင်တန်းဆရာအဖြစ်လည်းကောင်း၊ သောမက်စ်ကို လက်မြောက်ဘော နည်းပြအဖြစ်လည်းကောင်း ခေါ်ယူမှုတွေ လုပ်ခဲ့တယ်။ ဒါဟာ အခြားသော ဘောလုံးအသင်းတွေမှာ မရှိတဲ့ ရာထူးမျိုးတွေဖြစ်ပါတယ်။
အဟာရဗေဒပညာရှင် မိုနာနမ်မာ (head of nutrition) ရဲ့ တာဝန်က ဘာလဲ? ဘောလုံးသမားတိုင်းမှာ ကယ်လိုရီ လောင်ကျွမ်းမှုတွေ၊ သုံးစွဲတဲ့ ကြွက်သားတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မတူညီကြပါဘူး။ အဟာရဗေဒ ပညာရှင်ဟာ ဒီအချက်တွေကို တွက်ချက်ပြီး ဘယ်ကစားသမားက ဘယ်လို အစားအသောက်ကို စားရမယ်ဆိုတဲ့ အပိုင်းကို စီမံသူဖြစ်တယ်။ အကျယ်ကိုတော့ ဒီနေရာမှာ မပြောတော့ပါဘူး။
အပေါ်ယံကြည့်မယ်ဆိုရင်တော့ ရေလွှာလှိုင်း စီးတာနဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးလောကက ဘာမှမဆိုင်သပါဘူး။ ဒါပေမယ့်လို့ ရေလွှာစီးခြင်းက အသက်အန္တရာယ်ကြီးပြီး အချိန်တစ်ခုအတွင်းမှာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကို အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။
အားကစား တစ်ခုစီရဲ့ ထိပ်တန်းအဆင့်တွေအတွက် ကျရှူံးမှုက အောင်မြင်မှုရဲ့ လမ်းစဖြစ်လို့ ကြံ့ခိုင်တဲ့ စိတ်ဓါတ်ပိုင်းအတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို ကလော့ပ်က သိပ်စိတ်ဝင်စားပါတယ်။
၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် ရာသီမစခင် ပြင်သစ်လေ့ကျင့်ရေးမှာတော့ မန်နေဂျာယာဂင်ကလော့ပ်က ကလပ်အသင်း ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်း ပြင်ဆင်မှုတွေအတွက် ရေလွှာလှိုင်းစီး ကစားသမား Sebastian Steudtner ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါဟာ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ပေါင်းစပ်ဖို့အတွက် ကလော့ပ် စိတ်ဝင်စားတဲ့ အားကစား-သိပ္ပံ ပေါင်းစပ်မှုတွေပဲဖြစ်တယ်။
ပြန်ဆက်ရမယ်ဆိုရင် လင်ဒါးဟာ ကလော့ပ်ရဲ့ အယုံကြည်ရဆုံး နည်းပြအဖြစ် ဂျာမနီမန်နေဂျာကြီးရဲ့ အတွေးအမြင်တွေကို ပထမအသင်းသားတွေထံ ချပြရပြီး တိုးတက်မှုတွေကို ရှာဖွေရသူဖြစ်တယ်။ လီဗာပူးအဝတ်လဲခန်းကို ဦးဆောင်စေတဲ့ ခေါင်းဆောင်တွေကိုလည်း စိတ်ဓါတ်ပိုင်းကို အမြဲတမ်း အမြင့်ဆုံးမှာ ရှိနေဖို့ စီစဉ်ပေးရတာက သူရဲ့ တာဝန်တွေထဲက တစ်ခုဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ ကန်တင်ပြေး ကစားဟန်နဲ့ ခံစစ်ကို ပိတ်ဆို့ကစားတဲ့ ရိုးရာဟန်တွေကို ရင်ဆိုင်ရာမှာ အစောပိုင်း လီဗာပူးအသင်းက ဒုက္ခတွေ များခဲ့ပေမယ့် ကလော့ပ်ရဲ့ ကောင်တာ-ဖိအားပေး ကစားဟန်ကို ပိုမို ပြည့်စုံလာစေသူတွေထဲမှာ လင်ဒါးကလည်း အဓိက ကျခဲ့တယ်။ ပုံမှန်အားဖြင့် ခံစစ်မှူးက ခံစစ်၊ တိုက်စစ်သမားက တိုက်စစ်၊ ကွင်းလယ်က ဖန်တီးမှုကို အဓိက တာဝန်ယူရပေမယ့် လက်ရှိ လီဗာပူးက ကိုယ်ရဲ့နေရာကို တာဝန်ယူရတာ မဟုတ်ဘဲ စနစ်ကို တာဝန်ယူရတဲ့ ကစားဟန်မျိုးကို လုပ်ဆောင်နေတာပါ။
အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ရဲ့ တာဝန်ဟာ သွင်းဂိုးတင် မဟုတ်ဘဲ ခံစစ်အတွက်လည်း အမြဲတမ်း အဆင်သင့်ဖြစ်နေရမှာဖြစ်တယ်။ ဒီအပိုင်းကို မန်နေဂျာကလော့ပ်က တိုက်စစ်-ခံစစ် အပြောင်းအလဲ (ransition From Defense to Offense) လို့ သုံးနှုန်းတတ်ပြီး ဖိအားပေးမှုတွေကနေ ဘောလုံးပြန်ရယူကာ ကောင်တာတိုက်စစ် ပြန်ကစားမှု အမြန်နှုန်းနဲ့ တိကျမှုက လီဗာပူးနည်းစနစ်ရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။
နယ်သာလန်သား လင်ဒါးဟာ ပေါ်တူဂီ ဘောလုံးယဉ်ကျေးမှု လွှမ်းမိုးထံရသူတစ်ဦးဖြစ်ပြီး ဘာစီလိုနာရဲ့ ရွှေရောင်ကာလတွေမှာ ဒတ်ချ် Total Football ရဲ့ အရေးပါမှုတွေကိုလည်း နားလည်ထားသူဖြစ်တယ်။ သူဟာ လီဗာပူးအသင်းအတွက် ယာဂင်ကလော့ပ်ရဲ့ ကောင်တာ-ဖိအားပေး စနစ်မှာတော့ ဒတ်ချ်နဲ့ ပေါ်တူဂီ ဘောလုံးယဉ်ကျေးမှုတွေကို ပေါင်းထည့်ဖို့ ထောက်တိုင်တစ်ခုအဖြစ် လုပ်ဆောင်နေတာဖြစ်ပါတယ်။