တနင်္ဂနွေနေ့ အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို ယှဉ်ပြိုင်ပြီး အနိုင်ယူမယ့်အကြောင်း ပွဲကြိုမှာ နည်းပြတန်ဟက်က သတိပေးစကား ပြောလာခဲ့ပါတယ်။
အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် လီဗာပူးဟာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲပြီးရင် နိုင်ငံတကာ သီတင်းပတ်ဖြစ်တာကြောင့် နည်းပြကလော့ပ်ဟာ ဆာလာ အပါအဝင် အဓိက ကစားသမားတွေနဲ့အတူ တောင့်တင်းတဲ့ လူစာရင်းနဲ့ သွားရောက် ယှဉ်ပြိုင်ဖွယ် ရှိပါတယ်။
တန်ဟက်ကတော့ ” အက်ဖ်အေပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ယူနိုက်တက်နဲ့ လီဗာပူး ထိပ်တိုက်တွေ့တဲ့ပွဲ ဆိုတာ ကစားသမားတွေအတွက် ကြီးကျယ်တဲ့ပွဲစဉ်ပါ။ ဒီလို စိန်ခေါ်မှုမျိုးကိုပဲ သူတို့ အမြဲတမ်း လိုချင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးက တောင့်တင်းတဲ့အသင်း ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့ ကိုယ့်ရဲ့ ဘောလုံးကို ကစားချင်တယ်၊ လီဗာပူးကို အနိုင်ယူနိုင်ကြောင်း ပြသချင်ပါတယ်။
ကျနော်တို့ကတော့ အမြင့်ဆုံးအသင်းမှာ ကစားနိုင်တဲ့အသင်း ဆိုတာကို လူတိုင်းမြင်အောင် ပြချင်ပါတယ်။ အတူတကွနဲ့ စုပေါင်း ကြိုးစားရမယ်ဆိုတာ သိထားပါတယ် ” လို့ ပြောဆိုသွားပါတယ်။
မနှစ်ကရာသီ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲတုန်းက ယူနိုက်တက်တို့ လီဗာပူးကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း တူညီတဲ့ ပရိသတ် အားပေးမှုကို တန်ဟက်က တောင်းဆိုပါတယ်။
” ပရိသတ်တွေရဲ့ အားပေးမှုကလည်း အကူအညီဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ကစားပုံ မကောင်းသည်ဖြစ်ဖြစ် ကောင်းသည်ဖြစ်ဖြစ် အနိုင်ရဖို့ လိုပါတယ်။ ဒီပွဲမှာ အရေးကြီးတာ နိုင်ဖို့ပါပဲ ” လို့ တန်ဟက်က ထပ်လောင်း ပြောဆိုသွားပါတယ်။