NEWS: ဘင်ဖီကာ နည်းစနစ်ဒါရိုက်တာကို ခေါ်ယူသွားမယ့် လီဗာပူးပိုင်ရှင် FSG

လီဗာပူးအသင်း ပိုင်ရှင်အဖွဲ့ FSG ဟာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ နည်းစနစ်ဒါရိုက်တာ Pedro Marques ကို သူတို့ရဲ့ ဖွဲ့စည်းပုံအသစ်မှာ ထည့်သွင်းဖို့ရာ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အရင်အပတ်ကပဲ FSG အဖွဲ့ရဲ့ Football CEO အဖြစ် မိုက်ကယ်အတ်ဝပ်ကို ခေါ်ယူထားသေးကာ multi-club တည်ထောင်ရေး လုပ်ငန်းစဉ်တွေကို စတင်လာခဲ့တာပါ။

အခု ခေါ်ယူမယ့် ဘင်ဖီကာဒါရိုက်တာ Marques ဟာ FSG ရဲ့ ကျယ်ပြန့်တဲ့ ဘောလုံးပလန်ထဲမှာ အစိတ်အပိုင်းအဖြစ် ပါဝင်သွားပါမယ်။ သူဟာလည်း မိုက်ကယ်အတ်ဝပ်လိုပဲ လီဗာပူးအသင်း တစ်ခုတည်းထက်စာရင် FSG အဖွဲ့ရဲ့ ဝန်ထမ်းအဖြစ် ပူးပေါင်းသွားမှာဖြစ်ပါတယ်။

Marques ရဲ့ အတွေ့အကြုံကို ဒုတိယကလပ် ဝယ်ယူတော့မယ့် FSG ဘက်က global talent ရှာဖွေရေးတွေမှာ အသုံးပြုဖွယ် ရှိပါတယ်။ ဘင်ဖီကာ ဒါရိုက်တာဟာ ၂၀၂၂ ခုနှစ်တုန်းက ဒါဝင် နူးညက်စ် အပြောင်းအရွှေ့မှာ လီဗာပူး အားကစားဒါရိုက်တာဟောင်း ဂျူလီယန်ဝတ်နဲ့ ဆွေးနွေးစကားပြောခဲ့သူ ဖြစ်ပါတယ်။

Marques ဟာ စီးတီးဘောလုံးအဖွဲ့ လက်အောက်က မန်စီးတီးအသင်းမှာ ပထမအသင်းဆိုင်ရာ စွမ်းဆောင်ရည် အကဲဖြတ်သူ ရာထူးနဲ့ ၆ နှစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၈ မှာတော့ သူဟာ ဘင်ဖီကာထံ ပြောင်းရွှေ့ခဲ့တာပါ။

FSG ဟာ ဘောလုံးဆိုင်ရာ ပလန်ကြီးတစ်ခုကို ရေးဆွဲထားပြီး ဘောလုံးဆိုင်ရာ အော်ပရေးရှင်းတွေကို မိုက်ကယ်အတ်ဝပ်က တာဝန်ယူကာ ကြယ်ပွင့် ခေါ်ယူရေးတွေကိုတော့ Marques အား တာဝန်ပေးဖွယ် ရှိပါတယ်။

FSG ဟာ လီဗာပူးအသင်းအတွက်ပဲ အားကစားဒါရိုက်တာသစ်အဖြစ် ဘုန်းမောက်အသင်း နည်းစနစ် ဒါရိုက်တာဟောင်း ရစ်ချက်ဟုချ်ကိုလည်း ခေါ်ယူပေးသွားဦးမှာ ဖြစ်ပါတယ်။