အင်္ဂလန်ဒါဘီသာ ပြောတယ် ယူနိုက်တက်နဲ့ ဖလားမလုဖူးဘူးလို့ ဒဲ့ကြီး ပြောချလိုက်တဲ့ နည်းပြကလော့ပ်

နည်းပြကလော့ပ်ကတော့ လီဗာပူး၊ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မှုဟာ အင်္ဂလန်ဒါဘီအဖြစ် ထင်ရှားပေမယ့် သူလက်ထက်မှာတော့ အခြားအသင်းနဲ့ပဲ ဖလားလုရတယ်လို့ ထုတ်ပြောလာပါတယ်။

ဒီကနေ့ညမှာတော့ နည်းပြကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်းဟာ အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲအဖြစ် အိုးထရတ်ဖိုဒ့်မှာပဲ ဒီနှစ်သင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ် ရှိနေပါသေးတယ်။

နည်းပြတန်ဟက်က အက်ဖ်အေဖလား အရယူပြီး ယူနိုက်တက်ရဲ့ ဘောလုံးရာသီကို ကယ်တင်မယ်၊ လီဗာပူးကို အက်ဖ်အေကနေ ဖြုတ်ချမယ်လို့ ကြွေးကြော်နေချိန် ကလော့ပ်ကလည်း တုန့်ပြန်စကား ပြောလာခဲ့ပါတယ်။

“ ဒီနှစ်သင်းကြား ကျော်ကြားတဲ့ ပြိုင်ဆိုင်မှုကို သိပါတယ်။ ကျနော် လက်ထက်မှာတော့ ယူနိုက်တက်ထက် အခြား ပြိုင်ဘက်တွေအကြောင်းပဲ စဉ်းစားနေရပါတယ်။

ဆုဖလားအတွက် ယူနိုက်တက်နဲ့ ပြိုင်ရတယ် မရှိပါဘူး။ အခြားသူတွေ လက်ထက်မှာမသိဘူး။ ကျနော် လက်ထက်မှာတော့ မရှိပါဘူး။ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့တော့လည်း ပြိုင်လိုက်တာပါပဲ ” လို့ ကလော့ပ်က ပြောပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးဟာ ၂၀၂၀ မှာ ပရီးမီးယားလိဂ်ဖလားကို ဒုတိယနေရာက မန်စီးတီးထက် ၁၈ မှတ်အသာဖြင့် အောင်မြင်ခဲ့ပါတယ်။ နောက်ထပ် ၂ ရာသီမှာ မန်စီးတီးကို ၁ မှတ်ကပ်လျော့ပြီး ဒုတိယနေရာက ရာသီသိမ်းခဲ့ပါတယ်။

ဖလားပွဲတွေမှာဆိုရင် ချယ်ဆီးနဲ့ ဖိုင်နယ်မှာ ၃ ကြိမ်တွေ့ခဲ့ပြီး ၃ ကြိမ်လုံး အနိုင်ရခဲ့တယ်။ ချန်ပီယံလိဂ် ဖိုင်နယ်မှာတော့ စပါးနဲ့တွေ့ဆုံပြီး အနိုင်ရခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ ထိပ်တိုက်တွေ့စဉ် ဖြုတ်ချခဲ့ဖူးတာကလွဲလို့ လီဗာပူးနဲ့ ယူနိုက်တက်ကြား ဖလားပြိုင်ဆိုင်မှုက မရှိသလောက်ဖြစ်ခဲ့တာပါ။

“ ကျနော်တို့ ယူနိုက်တက်အကြောင်း မစဉ်းစားဘဲ တစ်လှမ်းချင်းပဲ ရှေ့တိုးနိုင်ဖို့ အားထုတ်ခဲ့ရတယ်။ ကျနော်တို့က ယူနိုက်တက်ထက် ပို ခရီးရောက်ခဲ့ပါတယ်။ သူတို့က ကျနော်တို့ကို ဒုက္ခလည်း မပေးနိုင်ခဲ့ပါဘူး၊ ဒါတွေကို ခေါင်းထဲလည်း သိပ်မထည့်ထားပါဘူး ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။