အိုးထရတ်ဖိုဒ့်မှာ မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ကာ အက်ဖ်အေဖလားကနေ ထွက်ရတဲ့နောက် နည်းပြကလော့ပ်က လီဗာပူး ကစားသမားတွေကို အပြစ်တင်ခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အခွင့်အရေး များစွာရပေမယ့် ဖြုန်းတီးခဲ့ကြကာ အချိန်ပို နောက်ဆုံးမိနစ်မှာ ဦးဆောင်ဂိုး ပေးလိုက်ရတာဖြစ်ပါတယ်။ လီဗာပူးကစားသမားတွေ ကိုယ့်ဘာသာ အထင်ကြီးမှု လွန်ကဲနေခြင်းမျိုးနဲ့ ပြိုင်ဘက်ကို အထင်သေးခြင်းမျိုး မြင်ခဲ့ရတာက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။
မိနစ် ၉၀ မှာတင် ပွဲပြတ်ခဲ့သင့်ရာမှာ အသင်းသားတွေရဲ့ ပေါ့ဆမှုတွေကြောင့်ပဲ အချိန်ပိုထိပါ ရောက်ခဲ့ရတာ ဖြစ်ပါတယ်။
‘ ကျနော်တို့ ပွဲကို အပြတ်မဖြတ်ခဲ့ဘူး။ အိုးထရတ်ဖိုဒ့်ကွင်းမှာ အနိုင်ယူလိုရနေချိန် ကိုယ့်ရဲ့ အခွင့်အရေးတွေကို အရယူရမှာပါ။ ကျနော်တို့အတွက် ခက်ခဲပါတယ်။ အခွင့်အရေးကို အသုံးချဖို့ အသင်း ရုန်းကန်နေရတာကို ဒါ ပထမဆုံး မြင်လိုက်ရတာပါပဲ။
ကိုယ့်အသင်း နိုင်နေချိန်မှာ ပွဲကို ကြည့်ရတာ အဆင်ပြေပေမယ့်လို့ ရှုံးနေချိန်မှာတော့ ခံစားချက်က သိပ်ဆိုးပါတယ်။ ‘ လို့ ပွဲအပြီး အင်တာဗျူးမှာ နည်းပြကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ်ကြောင့် ပွဲတွေ ကစားရဖို့ မရှိဘဲ မတ်လ ၃၁ ရက်နေ့မှာတော့ ဘရိုက်တန်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။