ကွာတားဖိုင်နယ် ရှုံးပွဲမှာ အညံ့ဆုံးဖြစ်ခဲ့တဲ့ ကစားသမား (၃) ဦးနဲ့ ဝေဖန်ခံနေရတဲ့ နည်းပြကလော့ပ်

Mohamed Salah – 5

ကြံ့ခိုင်မှုကနေ ပြန်သက်သာလာပြီးနောက် မိုဆာလာဟာ သူ့ရဲ့ ဒုတိယမြောက် ပွဲထွက်ကစားမှုကို အက်ဖ်အေပွဲမှာ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ မျှော်လင့်ထားသလို ခြေစွမ်းမျိုးတော့ မမြင်ခဲ့ရပါဘူး။

ပြိုင်ဘက်ခံစစ်သမား ဘစ်ဆာကာရဲ့ လူကပ်ကစားခြင်းကို ရင်ဆိုင်နေရတဲ့ မိုဆာလာဟာ ၂-၁ ဖြစ်စေမယ့် သွင်းဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆာလာထံက အခွင့်အရေး ဖန်တီးမှုတွေကတော့ စိတ်ပျက်စရာ အခြေအနေမျိုးတွေ ဖြစ်ခဲ့ပါတယ်။

အဆုံးသတ်ပိုင်းထဲ ဝင်ရောက်မယ့် နောက်ဆုံး ဘောလုံးတွေကို ဆာလာ လုပ်ပေးရာမှာ တိကျမှု နည်းပါးခဲ့တယ်။ ပွဲကို အပြတ်ဖြတ်ရမယ့် အနေအထားတွေမှာ ဆာလာရဲ့ ပေါ့ပေါ့ဆဆ ဖြုန်းတီးမှုတွေဟာလည်း သူ့လို ကစားသမားတစ်ယောက်ထံက မြင်ရတာ မယုံနိုင်စရာပါပဲ။

ပွဲချိန် ၇၇ မိနစ်မှာ လူစားလဲခံခဲ့ရပေမယ့် သူ့ မရှိတဲ့နောက် လီဗာပူးတိုက်စစ်က ပို အခြေအနေဆိုးခဲ့ပါတယ်။

Darwin Nunez – 5

အထောင်တိုက်စစ်က ပွဲထွက်လာတဲ့ ဒါဝင်ဟာ သူ့ရဲ့ စရိုက်ဟောင်းတွေ ပြန်ပြလာနေပါတယ်။ ယူရိုပါလိဂ်ပွဲမှာတည်းက ဒါဝင်ဟာ အဆုံးသတ်ပိုင်းတွေကို ပေါ့ပျက်ပျက် ကစားနေခဲ့တာပါ။ ဒီပွဲမှာတော့ သူ့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းက မဆိုးလှပေမယ့် ဘောလုံးထိန်းပေးဖို့ရာမှာ အားနည်းချက် ကြီးမားလွန်းပါတယ်။

ရက်ဖိုဒ့်ရဲ့ သရေကျစေမယ့် သွင်းဂိုးဟာ ဒါဝင် နူးညက်စ်ရဲ့ ပေါ့ဆပြီး ပွဲမဖတ်တဲ့ ပေးချက်ကနေ ရရှိသွားတာပါ။ ဒါဝင်ရဲ့ တိုက်စစ်ကစားပုံကို အကောင်းမြင်နိုင်ပေမယ့် သူ့ရဲ့ ပေါ့လျော့တဲ့ ဘောလုံးထိန်းသိမ်းပုံတွေက အသင်းကို ဆွဲချခဲ့ပါတယ်။

အချိန်ပိုမှာတော့ ပွဲပန်းနေဟန်ရှိပြီး ထွေထွေထူးထူး လုပ်ပြတာမျိုး မရှိလှပါဘူး။

Cody Gakpo (for Salah 77) 5

ဒီနေ့ပွဲရဲ့ အညံ့ဆုံး ကစားသမားပါပဲ။ ဖာမင်နိုနေရာ ဆက်ခံနိုင်သူလို့ လီဗာပူးနည်းပြအဖွဲ့က ယုံကြည်ထားတဲ့ ဂတ်ပိုဟာ ၅ vs ၂ အနေအထားကို သုံးစားမရတဲ့ ကောင်တာဖြစ်သွားအောင် လုပ်ချလိုက်တာဟာ အတော်လေး အံ့ဩဖို့ ကောင်းပါတယ်။

ဆာလာရဲ့ ညာခြမ်းနေရာကို ဝင်ကစားပေမယ့် အတွင်းက ဒါဝင်နဲ့ မတွဲဘက်နိုင်သလို တစ်ဦးကောင်းလည်း မရပါဘူး။ ဂက်ပိုဟာ ညာခြမ်းက ဟာဗေးနဲ့လည်း လောက်လောက်လားလား တွဲကစားပြနိုင်ခြင်း မရှိခဲ့ပါဘူး။

Jurgen Klopp

ယူနိုက်တက်ကို ရှုံးနိမ့်မှုအပြီး အဓိက တာဝန်ရှိသူက နည်းပြကလော့ပ်အဖြစ် ဝေဖန်မှုတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။ ဒီနေ့ပွဲကတော့ ဒီရာသီတစ်ခုလုံးမှာ နည်းပြကလော့ပ်ရဲ့ အဆိုးရွားဆုံး လူစာလဲမှုတွေပဲ ဖြစ်ပါတယ်။ အံ့ဩစရာအဖြစ် လူစားဝင်လာတဲ့ ဂက်ပို၊ ဟာဗေး၊ ဘရတ်ဒလေ၊ ကိုစတက်၊ ဘော်ဘီကလက် တစ်ဦးမှ ခြေစွမ်း မပြနိုင်ခဲ့ပါဘူး။

ချိန်သားကိုက်တဲ့ လူစားလဲမှု တစ်ခုမှ မပါခဲ့ဘဲ လူစာရင်း အပြောင်းအလဲ လုပ်ပြီးတိုင်း အသင်းကစားပုံက ပိုမို ကျဆင်းသွားခဲ့တာ နောက်ဆုံး ၃၅ မိနစ်အတွင်းမှာ ပေးဂိုး ၃ ဂိုး ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။