ဒီတစ်ရာသီလုံး လီဗာပူးရဲ့ စိတ်ဓါတ်ပိုင်းကို ချီူးကျူးခဲ့ပေမယ့် ဒီပွဲတော့ လီဗာပူး ရှုံးသင့်တယ်လို့ အင်္ဂလန်မီဒီယာတွေ ဖော်ပြ

လီဗာပူးအသင်းက အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ရှုံးခဲ့ရတာဟာ အသင်းရဲ့ စိတ်ဓါတ်ပိုင်းကြောင့်လို့ ဝေဖန်ချက်တွေက အတော်လေးကို များပြားပါတယ်။ အင်္ဂလန်မီဒီယာတွေမှာ လီဗာပူးကို ဘယ်လိုတွေ ဝေဖန်ကြလဲ လေ့လာကြည့်ရအောင်ပါ။

Independent က “ စိတ်ခံစားချက်တွေ အများကြီးပါတဲ့ သွင်းဂိုး ၇ ဂိုးကို မြင်ခဲ့ရတယ်။ ဒီ ၇ လလုံးလုံး လီဗာပူးတို့ ဘောလုံးရာသီကောင်း ပိုင်ဆိုင်ထားပေမယ့် တစုံတယောက်က သူတို့ကို ရပ်တန့်ဖို့ နည်းလမ်းကို ရှာတွေ့ခဲ့ပါတယ်။

စိတ်ဓါတ်ပိုင်းကြောင့်ပဲ ဒီရာသီမှာ လီဗာပူးအသင်းဟာ အတော်များများ အသိအမှတ် ပြုရလောက်တဲ့ အောင်ပွဲတွေကို ရယူနိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ ရှုံးနိမ့်မှုကို ရင်ဝယ်ပိုက်ခဲ့ရပါတယ် ” လို့ ဖော်ပြခဲ့တယ်။

The Athletic သတင်းထောက် James Pearce က ဆိုရင် “ အက်ဖ်အေဖလားက ထွက်ရတာအတွက် လီဗာပူးက ကိုယ့်ဘာသာပဲ အပြစ်တင်ရမှာပါ။ ဒီနေ့မှာ ပွဲစီမံအုပ်ချုပ်မှု လိုအပ်ချက်က သူတို့ကို ဆွဲချသွားခဲ့တာပါ ” လို့ ထင်မြင်ချက်ပေးခဲ့တယ်။

Mail Sports ကလည်း “ ဒီတစ်ရာသီလုံးမှာ လီဗာပူးအသင်းကို သူတို့ရဲ့ စိတ်ဓါတ်ပိုင်း မာကျောမှု၊ ဒူပေနာပေခံမှုတွေအတွက် ကျနော်တို့ ချီးကျူးခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီပွဲကတော့ တကယ်ကို ထူးဆန်းတဲ့ ပွဲစီမံပုံပါပဲ။ ယူနိုက်တက်ကို ရှုံးလိုက်တာအတွက် သူတို့ ဘာမှ စောဒကတက်စရာတောင် မရှိလောက်ပါဘူး ” လို့ ဆိုခဲ့တယ်။

TIA သတင်းထောက် David Lynch က “ အကောင်းအမြင်ဆုံးသော လီဗာပူးပရိသတ်ကတောင် အိုးထရတ်ဖိုဒ့်က ထိုက်တန်းတဲ့ ရှုံးပွဲကို လက်ခံပေးဖို့ရာ နာကျင်ခံစားရပါလိမ့်မယ်။

အိုးထရတ်ဖိုဒ့်မှာ လီဗာပူးအသင်းက ထိုက်ထိုက်တန်တန် ရှုံးနိမ့်သွားတာပါပဲ။ ပရီးမီးယားလိဂ်မှာ ၁၇ မှတ် ဖြတ်ထားနိုင်တဲ့ ပြိုင်ဘက်အသင်းထံ ရောက်လာပြီး ယှဉ်ပြိုင်ခဲ့ရာမှာ နှစ်သင်းကြား ခြားနားနေတဲ့ စွမ်းဆောင်ရည်မျိုးကို ပြနိုင်ဖို့ ကျရှုံးခဲ့ပါတယ်။

ဧည့်သည် လီဗာပူးက ဂိုးကန်သွင်းမှု၊ ဂိုးရနိုင်ချေနဲ့တကွ အခွင့်အရေးကြီးတွေမှာ သာလွန်ပေမယ့်လို့ အရေးနိမ့်ခဲ့တယ်။ ဒီလိုတွေ ကွာခြားလှတဲ့ အခြေအနေကြောင့်လည်း ယူနိုက်တက်ကို ရှုံးရတာဟာ ကလော့ပ်ရဲ့ အသင်းအတွက် အရမ်းကို နာကျင်ခံရခက်စေပါလိမ့်မယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

Telegraph သတင်းထောက် Jason Burt ကတော့ “ အက်ဖ်အေဖလားသမိုင်းက သိပ်ကိုရှည်လျားပါတယ်။ အက်ဖ်အေဖလား အနိုင်ရမယ်ဆိုရင် ယူနိုက်တက်က သူတို့ရဲ့ ဘောလုံးရာသီဆိုးကို ကယ်တင်နိုင်မှာပါ။ တနည်းအားဖြင့် နည်းပြတန်ဟက်ရဲ့ ရာထူးနေရာကိုတောင် ကယ်တင်နိုင်ပါလိမ့်မယ်။

လီဗာပူးကတော့ ထွက်သွားရပြီ၊ သူတို့ရဲ့ ဖလား ၄ လုံး အိပ်မက်က ပျောက်ကွယ်သွားပါပြီ။ ဒီဆုဖလားဟာ သူတို့ရဲ့ လက်ကျန်ဖလား ၃ လုံးထဲမှာ တတိယ ဦးစားပေး ဖြစ်ပေမယ့် အခုတော့ ထွက်ခွာသွားရပါပြီ ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။