နည်းပြ ၂ ဦးကို လီဗာပူးပရိသတ်တွေ မျက်ချေမပြတ် စောင့်ကြည့်နေဖို့ ရိုမန်နို အသိပေး

လီဗာပူးအသင်းပိုင်ရှင်တွေဟာ မိုက်ကယ်အတ်ဝပ်ကို ခေါ်ယူထားပြီးဖြစ်တာကြောင့် မကြာခင်မှာ ကလပ်ရဲ့ အရေးကြီး ရာထူးနေရာအတွက် အကဲဖြတ်မှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။

လီဗာပူးပိုင်ရှင်တွေဟာ FSG အဖွဲ့ရဲ့ ဘောလုံးဆိုင်ရာ နည်းစနစ်ဒါရိုက်တာနဲ့ လီဗာပူးအသင်းအတွက် အားကစားဒါရိုက်တာ ရာထူးတွေကိုလည်း အားဖြည့်သွားမှာပါ။

အရေးပါတဲ့ ရာထူးအဖြစ် မန်နေဂျာနေရာအတွက်တော့ လီဗာပူးဟာ ဥရောပ ထိပ်သီးတွေနဲ့အပြိုင် ကြိုးစားနေရပါကြောင်း ရိုမန်နိုက ထပ်မံ ဖော်ထုတ်လာပါတယ်။

“ ဒီနွေမှာ များစွာသော ကလပ်တွေက မန်နေဂျာသစ် ခန့်အပ်ရေးအတွက် အလုပ်များကြမယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့က အလွန်ဆိုကို မန်နေဂျာနေရာအတွက် အပြိုင် လုကြမှာပါ။

အရင်ကလည်း ပြောခဲ့ပြီးဖြစ်ပေမယ့် ဒီစကားကို ထပ်ပြောပါမယ်။ စပို့တင်းမန်နေဂျာ အာမိုရင်းကိုလည်း မျက်ချေမပြတ် စောင့်ကြည့်နေကြပါ။ များစွာသော ကလပ်တွေက သူ့ကို စိတ်ဝင်စားနေကြပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေကလည်း အာမိုရင်းကို အတော်လေး သဘောတွေ့ကျပါတယ်။

လီဗာပူးအတွက် အလွန်ဆိုနဲ့အပြိုင် ရှိထားတဲ့ နောက်ထပ် ပစ်မှတ်ဟာ အာမိုရင်းဆိုတာ ကျနော်တို့ အသိပေးထားပြီးပါပြီ။ ဒါပေမယ့် ဘိုင်ယန်ကပါ အလွန်ဆိုကော အာမိုရင်းကိုပါ စိတ်ဝင်စားနေတာကိုလည်း ကျနော်တို့ သိထားပါတယ် ” လို့ ဖော်ပြသွားပါတယ်။