နော်တင်ဟမ် ဖောရက်စ်ကို အရေးယူခြင်းကြောင့် ရေရှည်အတွက် ဂရုစိုက်လာရတော့မယ့် လီဗာပူး

ပရီးမီးယားလိဂ်ကလပ် ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်ခြင်းကြောင့် ၄ မှတ်လျော့ ပြစ်ဒဏ် ကျခံရတော့မှာဖြစ်ပါတယ်။

ဒါဟာ မကြာသေးခင်ကပဲ ၁၀ မှတ်လျော့ ပြစ်ဒဏ်ကို ရင်ဆိုင်ထားရပြီး အယူခံဝင် အောင်မြင်ခြင်းကြောင့် ၆ မှတ်လျော့အဖြစ် ပြောင်းလဲသွားတဲ့ အဲဗာတန်အသင်း အရေးယူခံရပြီးနောက် ဒုတိယမြောက် အရေးယူခံရခြင်း ဖြစ်လာပါတယ်။

အဲဗာတန်အသင်းဟာ ဒုတိယမြောက် ပြစ်ဒဏ်ကို ရင်ဆိုင်ရဦးမှာဖြစ်ကာ ဧပရယ်လလောက်မှာ ပရီးမီးယားလိဂ်ဘက်က သူတို့ကို ဘယ်လို အပြစ်ပေးမလဲ ဆုံးဖြတ်ချက် ချမှာဖြစ်ပါတယ်။

၂၀၁၃ မှာ စတင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းအရ ကလပ်တွေဟာ ၃ ရာသီအတွင်း ပေါင် ၁၀၅ သန်းထက် ပိုဆုံးရှုံးခွင့် မရှိပါဘူး။ ဒီကိစ္စဟာ အသုံးစရိတ်ကြီးမားတဲ့ ကလပ်တွေအတွက်တင် မဟုတ်ဘဲ လုပ်ခ ပေးချေမှု ကြီးမားတဲ့ လီဗာပူးလို အသင်းအတွက်ပါ အရေးကြီး ပြဿနာ ဖြစ်လာပါတယ်။

နော်တင်ဟမ် ဖောရက်စ်ဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီနဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွေမှာ ပေါင် ၆၁ သန်းပဲ ဆုံးရှုံးခဲ့တာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်ထံ တန်းတက်လာတဲ့ ၂၀၂၂ မှာတော့ အသုံးစရိတ် ပေါင် သန်း ၂၅၀ ထုတ်ခဲ့ရာကနေ အခုလို ပြစ်ဒဏ် ချမှတ်ခံရတာဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးရှင်းတမ်းအရ လီဗာပူးအသင်းရဲ့ တစ်သင်းလုံး လုပ်ခဟာ တစ်နှစ်အတွင်း ပေါင် ၃၁၄ သန်းကနေ ပေါင် ၃၆၈ သန်းထိ ခုန်တက်သွားခဲ့ကာ ပရီးမီးယားလိဂ်မှာ ဒုတိယ လုပ်ခအမြင့်ဆုံး အသင်း ဖြစ်လာပါတယ်။ ကလပ်ဝင်ငွေ စုစုပေါင်းရဲ့ ၆၂% ထိကို လုပ်ခပိုင်းအတွက် အသုံးပြုထားရပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အေးဂျင့်ခ ပေးချေမှု အမြင့်ဆုံးအသင်း ဖြစ်နေကြောင်း ထောက်ပြမှုတွေကလည်း ဒီနှစ်တွေအတွင်း မကြာခဏ ရှိထားပါတယ်။

မနှစ်ကရာသီ လီဗာပူးရဲ့ အရှုံးစာရင်းဟာ ပေါင် ၁၀ သန်း အောက်မှာပဲ ရှိနေသေးပေမယ့်လို့ ကလပ်ရဲ့ လုပ်ခပိုင်းကို မထိန်းချုပ်ဘူးဆိုရင် ဒီရာသီလို ချန်ပီယံလိဂ်မဝင်တဲ့ နှစ်တွေဟာ ကလပ်ရဲ့ ဘဏ္ဍာရေး ဟန်ချက်ညီမှုကို ထိခိုက်လာစေနိုင်ပါတယ်။

ဒါကြောင့်ပဲ ကလော့ပ်ရဲ့ Liverpool 2.0 ဟာ ပိုမို ဟန်ချက်ညီတဲ့ အခြေအနေမျိုးထံ သွားနေပြီး စီနီယာလူစာရင်းထဲ ဂျုံး၊ ဟာဗေး၊ ကွမ်းဆက်၊ ဘရတ်ဒလေတို့ကို homegrown တွေအဖြစ် အင်အားဖြည့် လူငယ်အချို့ကို ထပ်မံ စင်တင်ပေးလာခြင်းဖြစ်ပါတယ်။

လာမယ့်ရာသီ ကလော့ပ် မရှိချိန်မှာ လူငယ်တွေဟာ ဆက်လက် နေရာရဖွယ် ရှိနေကာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့လို ကစားသမားတွေရဲ့ အနာဂတ်ကို အသင်းဘက်က ဆုံးဖြတ်ချက် ချမှတ်ဖို့ လိုအပ်လာနေတာ ဖြစ်ပါတယ်။