လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်ကတော့ သူဟာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်ခဲ့ပေမယ့် ငြင်းဆန်ခဲ့တဲ့ ကိစ္စကို ထုတ်ပြောလာခဲ့ပါတယ်။
မော်ရင်ညိုရဲ့ ချယ်ဆီးဟာ ၂၀၀၅ ဝန်းကျင်မှာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးလာခဲ့ပြီး ထိုစဉ်တုန်းက အင်္ဂလန်အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ ဂျရတ်နဲ့ လမ်းပတ်ကို တွဲပေးဖို့ ပေါ်တူဂီသားနည်းပြက အားထုတ်ခဲ့တာဖြစ်ပါတယ်။
ဂျရတ်ကတော့ လီဗာပူးကို ချစ်တဲ့စိတ်က အနိုင်ရခဲ့ကြောင်း အမြဲတမ်း ထုတ်ပြောလေ့ရှိကာ မော်ရင်ညို လက်အောက်မှာ ကစားပေးခွင့် မရခဲ့တာအတွက် နောင်တရတယ်ဆိုတာကိုတော့ Vibe with Five podcast ကနေ ဝန်ခံခဲ့ပါတယ်။
ဂျရတ်က ” မော်ရင်ညိုအတွက် မကစားပေးရတာကို ကျနော် နောင်တရပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျနော်ကို ပိုကောင်းမယ့် ကစားသမားဖြစ်လာအောင် လုပ်ပေးနိုင်မယ့်သူပါ။
ကျနော် အနိုင်ရခဲ့ပြီးဖြစ်တဲ့ ဆုဖလားတွေကိုမှ နောက်ထပ် ဖလားတွေ ထပ်ပေါင်းထည့်နိုင်ဖို့ သူ ကူညီပေးနိုင်မှာကို သိပါတယ်။ ချယ်ဆီးကို ပြောင်းမလား ဆက်နေမလားဆိုတာကို ဆုံးဖြတ်ချက်လုပ်ဖို့ အတော်လေးကို နီးစပ်ခဲ့ပါတယ်။
ဒါပေမယ့် ကျနော် အဖေက လီဗာပူးအမာခံ ပရိသတ်ပါ၊ ကျနော် အကိုနဲ့တကွ မိသားစုဝင် အားလုံးကလည်း လီဗာပူး အမာခံတွေပါ။
မီဒီယာတွေမှာတော့ ကျနော် ချယ်ဆီးအသင်းကို ပြောင်းသင့်တယ်လို့ ဝေဖန်ခဲ့ကြပေမယ့် ကျနော်အတွက်က အိမ်ကိုတော့ ပြန်ချင်တယ်လေ။ လီဗာပူးမှာ ဆက်နေဖို့ပဲ ကျနော် ဆုံးဖြတ်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးတဲ့နောက် ဂျရတ်ဟာ သူ့ရဲ့ ကစားသမားဘဝ ဆုဖလား ၂ လုံးကိုပဲ နောက်ထပ် အောင်မြင်ခဲ့ပါတယ်။ အဲ့တာတွေကတော့ ၂၀၀၆ မှာ အက်ဖ်အေဖလားနဲ့ ၂၀၁၁ မှာ ကားလင်းဖလားတို့ပဲ ဖြစ်ပါတယ်။