အက်ဆာမှာ ဂျိုတာ ပြန်ပြေးပြီ၊ ပရီးမီးယားလိဂ် အရေးယူမှုတွေ ဆက်ရှိလာမည်၊ ဘရာဇီးခံစစ်မှူးကို ခေါ်ယူဖို့ ချိန်ရွယ်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းနဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ကြား အပြီးသတ် ကိစ္စတွေ လုပ်ဆောင်မှု ပြီးမြောက်ခဲ့ပြီဖြစ်ကာ မကြာခင် တရားဝင် ကြေညာလာပါတော့မယ်။

ဒဏ်ရာ ပြဿနာ အချို့ ရှိနေတဲ့ ဒီယက်ဇ်ဟာ စပိန်ပွဲကြို ကိုလံဘီယာ လေ့ကျင့်ရေးမှာ အသင်းသားတွေနဲ့အတူ ပူးပေါင်းနိုင်ခဲ့ပါတယ်။

ဂျိုတာဟာ အက်ဆာလေ့ကျင့်ရေးမှာ အပျော့စား အပြေးအခုန် လေ့ကျင့်ရေးတွေ စတင်နေပါပြီ။

ဆိုဘိုစလိုင်အတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ က များလွန်းတယ်လို့ ဝေဖန်ခံရပေမယ့် ဟန်ဂေရီအသင်းခေါင်းဆောင်ထံက ကောင်းမွန်တဲ့ ခြေစွမ်းမျိုး မြင်ရတာအတွက် ကျေနပ်မိကြောင်း အားကစားဒါရိုက်တာဟောင်း ရှမတ်ကီက ပြောပါတယ်။

ကာတစ်ဂျုံးဟာ အင်္ဂလန်အသင်း လူစာရင်းထဲ ပါဝင်ခွင့်ရမယ့် အခွင့်အရေးကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။ သူ့ကို အနီးကပ် စောင့်ကြည့်နေကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ပြောပါတယ်။

အတ္တလန်တာနဲ့ ယူရိုပါလိဂ်ပွဲမှာ လီဗာပူးပရိသတ်တွေဟာ ၂၈ အချိုး ၁ ပဲ ကွင်းထဲ ဝင်ခွင့်ရမှာဖြစ်တာမို့ ပရိသတ် ၇၅၀ ပဲ အဝေးကွင်းပွဲ တက်ရောက်ကြည့်ရှုခွင့် ရမှာပါ။

လီဗာပူးအသင်းဟာ ပီအက်စ်ဗီ တောင်ပံသမား ဘာကာယိုကို၊ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ကင်မစ်နဲ့ ဒေါ့မွန်အသင်း တိုက်စစ်သမား မာလန်တို့ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။

ပရီးမီးယားလိဂ်က အဲဗာတန်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ကို ဆက်တိုက် အရေးယူပြနေသလို မကြာခင် အဲဗာတန်ကို ဒုတိယအကြိမ်နဲ့ မန်စီးတီးအပေါ် တင်ထားတဲ့ ၁၁၅ ချက်သော စွဲချက်တွေအတွက် အမိန့်ချတော့မှာမို့ အင်္ဂလန်ကလပ်တွေဟာ ဘဏ္ဍာရေးပိုင်းကို သတိထားလာနေကြပါပြီ။

ထရန့်ဟာ အင်္ဂလန်အသင်းမှာ ကွင်းလယ်လူ စစ်စစ်အဖြစ် ကစားရဖွယ် ရှိနေကာ သူ့ရဲ့ အနာဂတ် နေရာသစ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

လီဗာပူးရဲ့ ခံစစ်ပစ်မှတ်ထဲမှာ နော်တင်ဟမ် ဖောရက်စ်မှာ ကစားနေတဲ့ ၂၁ နှစ်အရွယ် ဘရာဇီး ခံစစ်မှူး မာရီယိုလည်း ပါဝင်လာပါတယ်။