NEWS: ကစားသမား ခေါ်ယူခွင့် အာဏာကို အားကစားဒါရိုက်တာထံ ပြန်လွှဲအပ်မယ့် လီဗာပူး

လီဗာပူးအသင်းဟာ ကလပ်ရဲ့ အားကစားဒါရိုက်တာသစ်အဖြစ် ရစ်ချက်ဟုချ်ကို ခန့်အပ်ကြောင်း ဒီကနေ့မှာပဲ ကြေညာသွားမှာဖြစ်ပါတယ်။

ရာသီကုန်မှာ ယာဂင်ကလော့ပ်နဲ့ ဂျော့ရှမတ်ကီတို့ ထွက်ခွာမှာဖြစ်လို့ လီဗာပူးအသင်းက အရေးကြီး ရာထူးနေရာတွေကို ပြန်လည် အင်အားဖြည့်လာနေတာပါ။ ဘုန်းမောက်အသင်း နည်းစနစ်ဒါရိုက်တာဟောင်းဟာ ဂျော့ရှမတ်ကီရဲ့ ရာထူးကို ဆက်ခံကာ ဒေတာအဖွဲ့နဲ့ လက်တွဲ အလုပ်လုပ်ရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းပိုင်ရှင်တွေဟာ ရစ်ချက်ဟုချ်ရဲ့ အထက်အရာရှိအဖြစ် မိုက်ကယ်အတ်ဝပ်ကို ခန့်အပ်ထားခဲ့သေးကာ ဘောလုံးဆိုင်ရာ အော်ပရေးရှင်း တာဝန်ခံရာထူးကို ဖန်တီးပေးထားပါတယ်။

မိုက်ကယ်အတ်ဝပ် လီဗာပူးအသင်း အားကစားဒါရိုက်တာ ရာထူးကနေ ထွက်ခွာအပြီးမှာ ကလပ်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေအတွင်း ယာဂင်ကလော့ပ် ဦးဆောင်တဲ့ နည်းပြအဖွဲ့က ပိုမို ပါဝင်လာခဲ့ပါတယ်။

လူးဝစ်ဒီယက်ဇ်၊ ကိုဒီဂက်ပိုနဲ့ ဒါဝင် နူးညက်စ်တို့ဟာ ကလော့ပ်ရဲ့ ဆန္ဒအရ လီဗာပူးအသင်း ခေါ်ယူခဲ့သူတွေဖြစ်ပါတယ်။ ၂၀၂၃ ဇန်နဝါရီမှာ ဂက်ပိုကို လီဗာပူးထံ ခေါ်ယူဖို့ဆိုရင် ပပ်လင်ဒါးက ကလော့ပ်ကို တိုက်တွန်းခဲ့တာလို့ သိခဲ့ရတယ်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီအစမှာလည်း ကလော့ပ်ကို ပံ့ပိုးပေးဖို့ရာ သူ့ရဲ့ ထောက်ခံချက်နဲ့ပဲ ဂျော့ရှမတ်ကီကို ကာလတို ခေါ်ယူခဲ့ပါတယ်။ ရှမတ်ကီဟာ လီဗာပူး အားကစားဒါရိုက်တာ ရာထူး မဟုတ်ဘဲ ကလော့ပ်ရဲ့ လက်ထောက် ရာထူးနဲ့ အပြောင်းအရွှေ့တွေကို စီမံခဲ့တာ ဖြစ်ပါတယ်။

ရာသီကုန်မှာ လီဗာပူးအသင်းဟာ မန်နေဂျာသစ် ခန့်အပ်မှာဖြစ်ပေမယ့် ဒီကရှေ့ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကိုတော့ မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။

လီဗာပူးအရေး ကိုင်တွယ်ပေးနေတဲ့ FSG ဥက္ကဋ္ဌ မိုက်ဂေါ်ဒန်ဟာ သူ့ရဲ့ တာဝန်တွေအား မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့ထံ ပြန်လွဲပေးပြီး နောက်ဆုတ်သွားတော့မှာပါ။ လီဗာပူးအသင်း data analysis and scouting ဌာနတစ်ခုလုံးကိုတော့ ရစ်ချက်ဟုချ် ကိုင်တွယ်ခွင့်ရသွားမှာ ဖြစ်ပါတယ်။

ရစ်ချက်ဟုချ်ဟာ ကလော့ပ်နေရာ ဆက်ခံသူ ရှာဖွေရေး၊ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိထားတဲ့ ထရန့်၊ ဗန်ဒိုက်၊ ဆာလာတို့ရဲ့ စာချုပ်ကိစ္စကို အဖြေရှာရေးတွေအား ဦးစားပေးအဖြစ် ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။