ကွင်းလယ်မှာ တစ်ရာသီ ၁၀ ဂိုးလောက် သွင်းနိုင်မယ့် ပေါင် သန်း ၁၀၀ တန် လီဗာပူး ကစားသမား

ယာဂင်ကလော့ပ် အနေနဲ့ ကွင်းလယ်မှာ ထရန့်ကို အမြဲတမ်း အသုံးပြုမယ် ဆိုရင် လီဗာပူးအတွက် ပေါင်သန်း ၁၀၀ လောက် အကုန်အကျ သက်သာစေနိုင်တယ်လို့ ဂျေမီကာရေဂါက ဆိုပါတယ်။

ထရန့်ဟာ ညာအစွန်နဲ့ ကွင်းလယ်အတွင်းလူ နေရာတွေကို တွဲဘက်ကစားရတဲ့ နေရာအသစ်မှာ ကစားပြီးကတည်းက ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသနေတာဖြစ်ပြီး နောက်ဆုံး ၇ ပွဲမှာ ဖန်တီးမှု ၆ကြိမ် ပြုလုပ်ပေးထားခဲ့ပါတယ်။

ကလော့ပ်ဟာ နွေအပြောင်းအရွှေ့ မတိုင်ခင် ကွင်းလယ်လူသစ်တွေ ရှာဖွေနေပြီး ဘရိုက်တန်ရဲ့ မက်အယ်လစ်စတာကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပေမယ့် ကာရေဂါကတော့ သူ့မှာ ထရန့် တစ်ယောက်လုံး ရှိနေပြီးသားလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

“ ထရန့် ကွင်းလယ်မှာ ကစားရင် လီဗာပူးအတွက် ပေါင်သန်း ၁၀၀ သက်သာစေမှာပါ။ သူ့ကစားသမားဘဝအတွင်း ကျွန်တော်တို့ သူ့ဆီကနေ အများကြီး မမြင်ခဲ့ရတဲ့ အရာတစ်ခုက ဧရိယာပြင်ပက သွင်းဂိုးတွေပဲ။ ဒါပေမယ့် သူ ကွင်းလယ်မှာ ဆက်ကစားမယ်ဆိုရင် တစ်ရာသီကို ၅ဂိုး၊ ၁၀ဂိုးလောက် ရပါလိမ့်မယ်။ ဒါကို တည်ကန်ဘောတွေကနေ ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ ” လို့ ကာရေဂါက ပြောခဲ့တာပါ။

ထရန့်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဧရိယာအတွင်းကို လက်ဖျားခါရလောက်စရာ ဖြတ်တင်ပေးပို့မှု လုပ်ပြီး ဖန်တီးမှုတစ်ကြိမ် ရလုနီးပါး ဖြစ်ခဲ့ပေမယ့် ဒါဝင်နူညက်က အဲ့အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာပါ။ ထရန့်ဟာ ဒုတိယပိုင်းမှာ အဝေးကစ် ခပ်ပြင်းပြင်း ကန်ခဲ့ပေမယ့် ဂိုးသမား ယာယာ ပုပ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ထရန့်ဟာ ပြီးခဲ့တဲ့လက အာဆင်နယ်နဲ့ပွဲမှာ နေရာပြောင်းလဲ ကစားပြီးကတည်းက သူ့ရဲ့ တိုက်စစ် အရည်အသွေးတွေကို ပိုမိုပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဧပရယ်လ ၉ ရက်နေ့ နောက်ပိုင်း အချက်အလက်တွေအရ ထရန့်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဖန်တီးရှင်အဖြစ်ပါ ဖော်ပြခံနေရတာ ဖြစ်ပါတယ်။