ဆောင်းပါး | ဘာစီလိုနာနဲ့ အေစီမီလန်အသင်း လွှမ်းမိုးမှုကြီးတဲ့ လီဗာပူး အားကစားဒါရိုက်တာသစ် ရစ်ချက်ဟုချ်ဆိုတာ ဘယ်လိုလူလဲ?

ရစ်ချက်ဟုချ်ဆိုတာ ဘယ်သူလဲ?

ဘုန်းမောက်အသင်းမှာ နည်းစနစ်ဒါရိုက်တာအဖြစ် ကာလရှည် အမှုထမ်းခဲ့တဲ့ ရစ်ချက်ဟုချ်ဟာ ဒီနွေမှာတော့ လီဗာပူးအသင်းထံ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် စကော့သားဟာ မိုက်ကယ်အတ်ဝပ်နဲ့အတူ ကာလရှည် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့သူဖြစ်ပါတယ်။

ဂလက်စကိုမှာ မွေးဖွားခဲ့တဲ့ ဟုချ်ဟာ မီလန်မှာ ကြီးပြင်းခဲ့သူပါ။ အတ္တလန်တာ အကယ်ဒမီမှာ ပညာသင်ခဲ့ပြီး အင်္ဂလန်ကို ပြန်ရောက်တော့ အာဆင်နယ်အသင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဘုန်းမောက်မှာ စတင်ခဲ့ပါတယ်။

ကစားသမားဘဝ အနားယူပြီးတဲ့နောက် performance analyst ရာထူးနဲ့ ပိုစ့်မောက်အသင်းထံ ရစ်ချက်ဟုချ် ရောက်ပြီး သိပ်မကြာခင်မှာပဲ သူနဲ့ အတ်ဝပ်တို့ တွေ့ဆုံခဲ့ကြပြီး သူတို့ရဲ့ ခင်မင်မှုဟာ ဆယ်စုနှစ်တွေ ကျော်ခဲ့ပါပြီ။

ဘာစီလိုနာနဲ့ အေစီမီလန်တို့အပြင် စီးရီးအေလွှမ်းမိုးခံရမှုရှိတဲ့ သူဟာ အင်္ဂလိပ်လိုကော အီတလီလိုပါ ကောင်းမွန်စွာ ပြောဆိုနိုင်သူဖြစ်ပါတယ်။

ဘုန်းမောက်မှာ သူဘာလုပ်ခဲ့လဲ

ရစ်ချက်ဟုချ်ကလည်း မိုက်ကယ်အတ်ဝပ်လိုပဲ ဒေတာပိုင်း ပိုင်နိုင်သူပါ။ လီဗာပူးအသင်းအတွက် အတ်ဝပ် ခေါ်ယူခဲ့တဲ့ ဗန်ဒိုက်၊ အယ်လီဆန်၊ ဆာလာ၊ ရော်ဘတ်ဆန်တို့ကို ဘုန်းမောက်အသင်းမှာ သူလည်း ကင်းထောက်ခဲ့ပါတယ်။ ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒီနေရာမှာတော့ ရစ်ချက်ဟုချ်က ဘယ်လို ကစားသမားတွေကို ခေါ်ယူခဲ့တယ်၊ ဘယ်သူတွေ အောင်မြင်ပြီး ဘယ်သူတွေကို ခေါ်ယူရာမှာ ကျရှုံးခဲ့တယ် ဆိုတာကို မဖော်ပြတော့ပါဘူး။ ဘဏ္ဍာရေး အကန့်အသတ်ရှိတဲ့ ဘုန်းမောက်မှာထက် ပိုမို ကြီးမားတဲ့ အပြောင်းအရွှေ့တွေ လီဗာပူးအသင်းနဲ့အတူ ကိုင်တွယ်ရမှာဖြစ်ပါတယ်။

သူဟာ ဘုန်းမောက်လို အသင်းငယ်ကို ပရီးမီးယားလိဂ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် အပြောင်းအရွှေ့မှာ မှန်ကန်မှု ရာနှုန်းများတဲ့ ခေါ်ယူမှုတွေဖြင့် ကျားကန်ပေးခဲ့သူပါ။

မန်နေဂျာရှာဖွေရေး ကျွမ်းကျင်သူ

ရစ်ချက်ဟုချ်ကလည်း အတ်ဝပ်လို Kingmaker တစ်ဦးဖြစ်ပါတယ်။ သူ့လက်ထက် ဘုန်းမောက်အသင်းရဲ့ နည်းပြအပြောင်းအလဲ အားလုံးကို ချုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

၂၀၂၂ မှာ ပါကာကို လမ်းခွဲပြီးနောက် ဒီဇာဘီကို ဘုန်းမောက်နည်းပြခန့်ဖို့ သူ စည်းရုံးခဲ့ဖူးပါတယ်။ နှုတ်အားဖြင့် သဘောတူညီခဲ့ပြီးမှ ဘုန်းမောက်ပိုင်ရှင်ဖြစ်တဲ့ အမေရိကန် ရင်းနှီးမြုပ်နှံသူထံက ရှေ့ဆက် တိုးဖို့ ထောက်ပံ့မှု မရခဲ့ပါဘူး။

မနှစ် ရာသီကုန်တုန်းက Gary O’Neil ကို ထုတ်ပြီး Andoni Iraola ကို ခေါ်ယူမှုဟာ အနည်းငယ် ဝေဖန်စရာဖြစ်ခဲ့ပေမယ့် အလုပ်တော့ဖြစ်ခဲ့ပါတယ်။

လီဗာပူးမှာ ဘယ်လို တာဝန်ယူမလဲ

ရစ်ချက်ဟုချ်ရဲ့ တာဝန်ကတော့ လီဗာပူးမန်နေဂျာနဲ့ ဘုတ်အဖွဲ့ကိုယ်စားလှယ် အတ်ဝပ်ကြားမှာ ရှိပေးရမယ့်သူပါ။ သူဟာ ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးပေးရမှာဖြစ်ပြီး လီဗာပူးဘောလုံးအသင်းရဲ့ ဌာနအသီးသီးနဲ့တကွ မန်နေဂျာဖြစ်သူရဲ့ အနိမ့် အမြင့်တွေကို မြင်နိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်။

ဘောလုံးအသင်းတွေဟာ အားကစားဒါရိုက်တာကို အသုံးချပုံခြင်း မတူညီပါဘူး။ အချို့အသင်းကတော့ လူကောင်းတွေကို စုစည်းပြီး သူတို့ကို အားကစားဒါရိုက်တာက ကြီးကြပ်တဲ့ ပုံစံဖြင့် သွားပေမယ့် လီဗာပူးအသင်းကတော့ ဒေတာပိုင်းနဲ့သွားပါတယ်။

လီဗာပူးအသင်းဟာ ကစားသမားတွေ၊ ကလပ်ဝန်ထမ်းတွေနဲ့ ယာဂင်ကလော့ပ်လို ပုဂ္ဂိုလ်ကအစ နှစ်ရှည် ဒေတာဖြင့် ထောက်လှမ်းပါတယ်။ ကလပ်အတွက် သင့်လျော်တဲ့သူလို့ ယုံကြည်ပြီး ချိန်သားကိုက်လောက်ချိန်မှ လူသစ်အဖြစ် ခေါ်ယူအားဖြည့်ပါတယ်။ အချိန်မှန် နေရာမှန်ဖြစ်ဖို့ဟာ လီဗာပူးအသင်းရဲ့ လူစုဆောင်းမှု သော့ချက်ဖြစ်ပါတယ်။

ရစ်ချက်ဟုချ်ဟာ လီဗာပူးဒေတာဌာနကို ကွပ်ကဲခွင့်ရပါမယ်။ အပြောင်းအရွှေ့တွေမှာ အတ်ဝပ်နဲ့ပူးတွဲ လုပ်ပိုင်ခွင့်ရပါမယ်။ အတ်ဝပ်နဲ့ ကလော့ပ်တို့ အတူတွဲလုပ်တုန်းက ရာနှုန်းပြည့် မဟုတ်ပေမယ့် ၈၅% သော ကိစ္စတွေမှာ သဘောတူညီမှုရခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့က အဓိကဖြစ်လာပါမယ်။

ဟုချ်က ဘယ်လိုလူကို သဘောကျသလဲ

ဘောလုံးအသင်းအတွက် ကစားသမားသစ် ခေါ်ယူမယ်ဆိုရင် အကျင့်စရိုက်နဲ့ ခံယူချက်ကောင်းရှိတဲ့သူတွေကို ခေါ်ယူဖို့ကိုပဲ ရစ်ချက်ဟုချက်က သဘောကျပါတယ်။ ကစားသမားတစ်ယောက်ရဲ့ မိနစ် ၉၀ ခြေစွမ်းတင် မဟုတ်ဘဲ ကွင်းပြင်ပက အချက်အလက်တွေကိုလည်း ရှာဖွေတတ်သူ ဖြစ်ပါတယ်။

လီဗာပူးအဆောက်အဦးထဲ ဝင်လာမယ့် လူသစ်အကြောင်း အရာအားလုံးကို သိထားဖို့ လိုအပ်တယ်လို့ ခံယူမယ့်သူ ဖြစ်ပါတယ်။ ဒါတွေကတော့ လီဗာပူးလမ်းကြောင်းနဲ့ ကိုက်ညီမယ့်သူမျိုး ဖြစ်ပါတယ်။