လီဗာပူးအသင်းဟာ Google DeepMind နဲ့ ပူးပေါင်းပြီး AI အကူအညီနဲ့အတူ သွင်းဂိုးတွေ ရှာဖွေနိုင်စွမ်းကို မြင့်တင်ဖို့အတွက် ပူးပေါင်း လေ့လာမှု ပြုလုပ်နေပါတယ်။
Google DeepMind ရဲ့ ထုတ်ကုန်ဖြစ်တဲ့ TacticAI ဟာ စက်ရုပ်အကူ အမျိုးအစားဖြစ်ပြီး ထောင့်ကန်ဘောက ပေးပို့လာမယ့် ဘောလုံး ဘယ်နေရာမှာ ကျမလဲဆိုတာမျိုးတွေကို တွက်ချက် ဖော်ပြနိုင်ပါတယ်။
ဒီတွက်ချက်မှု ရဖို့ ၂၀၂၀ ကနေ ၂၀၂၁ အတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွင်း ထောင့်ကန်ဘော ၇၁၇၆ ကြိမ်ကနေ ဒေတာရယူထားတာ ဖြစ်ပါတယ်။ အသစ်အသစ်သော ဒေတာတွေကို update ဆက်မြင့်သွားနိုင်ချေ ရှိပါတယ်။
ဒါဟာ အထင်သေးလို့မရတဲ့ AI အကူအညီတစ်ခုဖြစ်ကာ နည်းပြတွေကို ထောင့်ကန်ဘော တိုက်စစ်ဆင်မှုကော၊ ခုခံမှုမှာပါ တိုးတက်လာအောင် ကူညီပေးနိုင်မယ့် ဒေတာပိုင်း တိုးတက်မှုတစ်ခုဖြစ်ပါတယ်။
Google DeepMind ရဲ့ သိပ္ပံပညာရှင် Petar Velickovic ကတော့ TacticAI ဟာ ထောင့်ကန်ဘော ခံစစ်ကာကွယ်မှုကို ပိုကောင်းစေသလို ဂိုးရဖို့ အခွင့်အရေးကိုလည်း ပိုမို အားဖြည့်ပေးနိုင်မယ်လို့ ခိုင်ခိုင်မာမာ ထုတ်ပြောထားပါတယ်။
TacticAI ဟာ ဘောလုံးကို ပထမဆုံးထိမယ့် ကစားသမားဟာ ဘယ်သူ ဆိုတာကို တွက်ချက်နိုင်သလို စနစ်ရဲ့ ထည့်တွင်းစဉ်းစားမှုထဲ ကစားသမား တစ်ဦးချင်းရဲ့ အရပ်အမြင့်နဲ့ အလေးချိန်တွေကအစ ပါဝင် ထည့်တွက်မှာပါ။ ဒီစနစ်ဟာ နည်းပြအဖွဲ့ကို Box နှစ်ခုလုံးမှာ အကူအညီပေးနိုင်ဖို့ ရှိပါတယ်။
လီဗာပူးအသင်းဟာ Google DeepMind နဲ့ လက်တွဲလာတာ ၃ နှစ်ဝန်းကျင် ရှိနေသလို ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အသင်း ရင်းနှီးမြုပ်နှံနေတဲ့ ဒေတာပိုင်းကို ထပ်မံ အင်အားဖြည့်ခြင်း ဖြစ်ပါတယ်။
ထိပ်သီးအသင်းတွေဟာ ပြိုင်ဘက်တွေကို အသာရဖို့ နည်းလမ်းပေါင်းစုံ ရှာဖွေလေ့ရှိပြီး မော်ဒန်ခေတ်မှာတော့ ဒေတာပိုင်းနဲ့ AI အကူအညီ ယူခြင်းတွေဟာ ကလပ်တွေရဲ့ ဘောလုံး အဆင့်အတန်းကို တိုးတက်လာစေဖို့ ထောင့်တိုင်တစ်ခု ဖြစ်လာနေပါပြီ။