ပရိသတ်တွေရှေ့ ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ခွင့်ရဖို့ ၈ ရက်ပဲလိုခဲ့တာလို့ ထုတ်ဖော်လိုက်တဲ့ လီဗာပူးစီအီးအိုဟောင်း

လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့ပေမယ့် အန်ဖီးကွင်းမှာ ပရိသတ်တွေ မပါဘဲ ကွင်းပိတ် အောင်ပွဲခံမှုပဲ လုပ်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ အခမ်းနားဆုံး အသင်းအဖြစ် ရှုံးပွဲမရှိ စံချိန်ကောင်းနဲ့အတူ အင်္ဂလန်လိဂ်ကို ဖောက်ထွက်ခဲ့တဲ့ လီဗာပူးအသင်းဟာ ၂၀၂၀ မတ်လမှာတော့ ကမ္ဘာကြီး ရင်ဆိုင်လာရတဲ့ ကိုဗစ်ကပ်ဘေးမှာ အရှိန်ကောင်း ရပ်တန့်ခံခဲ့ရပါတယ်။

ယာဂင်ကလော့ပ် လက်ထက် အကောင်းဆုံး လီဗာပူးအသင်းဟာ နောက်ထပ်၂ ပွဲနိုင်ရင် ဖလားရဖို့ ပရီးမီးယားလိဂ်ရဲ့ ဆက်သွယ် စုံစမ်းခြင်း ခံခဲ့ရတယ်။

ထိုစဉ် လီဗာပူးအသင်း စီအီးအိုဖြစ်တဲ့ ပီတာမိုးက “ ရစ်ချက်မေစတာ (ပရီးမီးယားလိဂ် CEO) က ကျနော်ကို ဖုန်းခေါ်လာခဲ့တယ်။ ကျနော်တို့ အဲဗာတန်နဲ့ နောက်အပတ် ပဲလေစ့်တို့ကို အနိုင်ရမယ်ဆိုရင် ပရီးမီးယားလိဂ်ဖလားကို လက်ခံမလား? လို့ သူက ဖုန်းဆက်မေးခဲ့တာပါ။

ကျနော်တို့ မကျော်ဖြတ်နိုင်မှာကို စိုးရိမ်ပေမယ့် ကျော်ဖြတ်နိုင်ရင် အန်ဖီးကွင်းမှာ ဆုဖလား လက်ခံရမှာက သိပ်ကောင်းမှာပါ။ ကျနော်ကလည်း သဘောတူခဲ့တာပေါ့။ တကယ်တမ်း ကျနော်တို့တွေ ပရိသတ်တွေနဲပအတူ ဆုဖလား မမြှောက်ခဲ့ရပေမယ့် အဲ့ ၂ ပွဲ နိုင်ရင် ဖလားပေးဖို့ ပလန်ရှိခဲ့တာပါ။

ကျနော်တို့ ပရိသတ်တွေနဲ့အတူ နောက်ဆုံး ကစားခဲ့ရတာက အန်ဖီးကွင်းမှာ အက်သလက်တီကို မက်ဒရစ်နဲ့ဖြစ်ပြီး အဲ့ပွဲကပဲ ကျနော်တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ် ” လို့ ရှင်းပြခဲ့ပါတယ်။

စပိန်မှာ ကိုဗစ်တွေ အကြီးအကျယ်ဖြစ်နေချိန် အက်သလက်တီကို ပရိသတ်တွေကို မာဆေးဆိုဒ်ထံ လာခွင့်ပေးတဲ့ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ဟာ အင်္ဂလန်မှာ ကိုဗစ်တွေ ပျံ့နှံ့ခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ၈ ရက်ပဲလိုတော့တဲ့ ပွဲစဉ် ၂ ပွဲဟာ ၄ လကြာ နောက်ဆုတ်သွားခဲ့ရပါတယ်။

ကိုဗစ်ကာလအတွင်း ဘောလုံးပွဲတွေ ပြန်စရာမှာတော့ လီဗာပူးအသင်းဟာ ယခင် အသင်းမျိုးလို အရှိန်ကောင်း ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ကလပ်သမိုင်းမှာ ပထမဆုံးသော ပရီးမီးယားလိဂ်ဖလားကိုတော့ အဆိုပါရာသီမှာပဲ အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။