စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးအသင်းနဲ့ ထရန့်ကြား စာချုပ်အခြေအနေကို စတင် စောင့်ကြည့်လာနေပြီ ဖြစ်ပါတယ်။
လီဗာပူးအကယ်ဒမီထွက် ညာအစွန်လူ ထရန့်ဟာ ၂၀၂၅ ဇွန်မှာ စာချုပ်ကုန်တော့မှာဖြစ်ကာ အခုချိန်ထိ စာချုပ်သစ်အတွက် စကားပြောလာခြင်း မရှိသေးပါဘူး။ လက်ရှိ လီဗာပူးရဲ့ လုပ်ခ အများဆုံးရ ကစားသမားတွေထဲ ပါဝင်နေတဲ့ ထရန့်ကို စာချုပ်သစ် ပေးမယ်ဆိုရင် ကလပ်စံချိန်တင် လုပ်ခမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စကတည်းက ထရန့်ကို သက်တမ်းတိုးရေးဟာ ကလပ်ရဲ့ ဦးစားပေးဖြစ်လိမ့်မယ်လို့ လီဗာပူးသတင်းထောက်တွေ တွက်ဆခဲ့ပေမယ့် ကွင်းလယ် ပြန်လည် တည်ဆောက်ရေး ကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးဘက်ကတော့ ထရန့်ကို ရောင်းထုတ်လိုကြောင်း ပြသထားခြင်း မရှိသေးသလို ဇွန်လ ၁ ရက်နေ့မှာ အားကစားဒါရိုက်တာ တာဝန်ကို ရယူမယ့် ရစ်ချက်ဟုချ်ရဲ့ ဦးဆုံး တာဝန်ကလည်း မန်နေဂျာသစ် ရှာဖွေရေးနဲ့အတူ ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့ရဲ့ စာချုပ်ကိစ္စတွေကို ဖြေရှင်းရေး ဖြစ်လာပါလိမ့်မယ်။
ထရန့်ဟာ သူ့ရဲ့ အနာဂတ်ကို မန်နေဂျာသစ်အား စောင့်ဆိုင်းပြီးမှ ဆုံးဖြတ်ဖွယ် ရှိပါတယ်။ ကလော့ပ်ရဲ့ နောက်ပိုင်းကာလမှာ ညာအစွန်-ကွင်းလယ် လူအဖြစ် ကစားနေတဲ့ ထရန့်ဟာ နည်းပြသစ် လက်အောက်မှာ သူ ဘယ်နေရာကနေ ကစားရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုပါလိမ့်မယ်။
လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ကတော့ ဒီနွေမှာ ညာခြမ်း တောင်ပံ-အစွန်သမား တစ်ဦးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး သူတို့ရဲ့ ပစ်မှတ်စာရင်း ထိပ်ဆုံးမှာ ထရန့်အပြင် ရိစ်ဂျိမ်းနဲ့ အဖွန်ဆိုတို့လည်း ပါဝင်နေပါတယ်။
ဒါပေမယ့် စတမ်းဖိုဒ့်ဘရစ်ချ်မှာ ၂၀၂၈ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ရိစ်ဂျိမ်းရဲ့ ဒဏ်ရာမှတ်တမ်းကို ဘာနေဗျူး အကြီးအကဲတွေက သဘောမကျပါဘူး။ အဲ့အစား စာချုပ်ကုန်တော့မယ့် ထရန့်ဘက်ကို ဦးလှည့်လိုရိပ် ပြသလာနေတာပဲ ဖြစ်ပါတယ်။