ယူရိုအတွက် အင်္ဂလန် ကွင်းလယ် ၃ ယောက်တန်းမှာ လီဗာပူးကြယ်ပွင့်ကို နေရာပေးဖို့ စီစဉ်ထားတဲ့ နည်းပြဆောက်ဂိတ်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဘရာဇီး၊ ဘယ်ဂျီယံအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမယ့် မတ်လနိုင်ငံတကာပွဲတွေမှာ ခံစစ်ပိုင်း ဝေဖန်ခံထားရတဲ့ ထရန့်ကို ကွင်းလယ်ကနေ အသုံးပြုဖို့ ကြိုတင် စီစဉ်ထားခဲ့ပါတယ်။

အစွန်နေရာမှာ ရိစ်ဂျိမ်း၊ ထရစ်ပီယာ၊ လုရှောတို့ ဒဏ်ရာကြောင့် မပါနိုင်ပေမယ့် ထရန့်ကို အစွန်မှာ နေရာပေးဖို့ထက် ကွင်းလယ်မှာပဲ သုံးဖို့ ဆောက်ဂိတ်က စီစဉ်ထားတာပါ။ ထရန့်ဟာ အင်္ဂလန်အသင်းမှာတော့ ကွင်းလယ်လူအဖြစ်ပဲ ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထရန့် ကိုယ်တိုင်ကလည်း ဒူးဒဏ်ရာကြောင့် ဒီတစ်ကြိမ် အင်္ဂလန်အသင်းမှာ မပါနိုင်ခဲ့ပါဘူး။

နည်းပြဆောက်ဂိတ်က ယူရို မတိုင်ခင် သူ့စိတ်ကြိုက် ကွင်းလယ် ၃ ယောက်တန်းကို ထုတ်ပြလိုခဲ့ပါတယ်။ ဒီကလန်ရိုက်စ်၊ ဘယ်လင်ဟမ်နဲ့ ထရန့်တို့ဟာ သူရွေးချယ်ထားတဲ့ ယူရိုပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ ပင်တိုင် ၃ ယောက်တန်းပဲ ဖြစ်ပါတယ်။ ဒီကွင်းလယ်ရဲ့ လုပ်ပြနိုင်စွမ်းကို ဘရာဇီး၊ ဘယ်ဂျီယံတို့ပွဲမှာ မြင်လိုခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာ ထရန့် မပါနိုင်သေးပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲဝင် အင်္ဂလန်ရဲ့ အဓိက ကွင်းလယ်အတွဲကတော့ ရိုက်စ်၊ ဘယ်လင်ဟမ်၊ ထရန့်တို့ပဲ ဖြစ်လာဦးမယ်လို့ ခန့်မှန်းနေကြပါတယ်။