ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းထွက်ချိန် ဖီဖာဂိမ်းမှာ သူ့ကို ဝယ်လို့ရပါတယ် တုန့်ပြန်ခဲ့ဖူးတဲ့ ထရန့်

ရီးရဲလ်မက်ဒရစ်အသင်းက လီဗာပူးကြယ်ပွင့် ထရန့်ကို စိတ်ဝင်စားရိပ် ပြသလာပေမယ့်လို့ ကလပ်ဘက်က ကာလရှည် စာချုပ်နဲ့ ဆက်ထိန်းနိုင်မယ် မျှော်လင့်ရပါတယ်။

ထရန့်ဟာ ယာဂင်ကလော့ပ်ရဲ့ ခေါ်ယူမှုကြောင့် အကယ်ဒမီအသင်းကနေ စီနီယာအသင်းထံ ရောက်ရှိလာခဲ့ပြီး ခမ်းနားတဲ့ လီဗာပူးကာလတစ်ခုမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

ထရန့်ရဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၅ ခုနှစ်ထိပဲ ရှိထားကာ စာချုပ်သစ်အတွက် စကားပြောရခြင်း မရှိသေးပါဘူး။ ရာသီကုန်ရင် ကလော့ပ် ထွက်တော့မှာမို့ ထရန့်ရဲ့ အခြေအနေဟာ စောင့်ကြည့်ချင်စရာ ဖြစ်လာနေပါတယ်။

ကုန်ခဲ့တဲ့နှစ်တွေမှာပဲ လီဗာပူးနဲ့ အနာဂတ်အကြောင်း မေးခွန်းထုတ်ခံရချိန်မှာ ” လီဗာပူးကနေ ထွက်ပြီး အခြားတစ်နေရာရာကို ကျနော် ထွက်သွားမှာ မဟုတ်ပါဘူး။ ကျနော်ရဲ့ ကစားသမားဘဝ ကုန်ဆုံးတဲ့ထိ လီဗာပူးမှာပဲ ဆက်နေချင်ပါတယ်။ ” လို့ ထရန့်က ပြောခဲ့တာပါ။

မနှစ်တုန်းက ရီးရဲလ်မက်ဒရစ်အသင်း စောင့်ကြည့်နေတဲ့အပေါ် ဘယ်လိုသဘောရလဲ မေးခံရချိန်မှာလည်း ” သူတို့ ကျနော်ကို ဖီဖာမှာ ဝယ်လို့ရတာပဲလေ ” လို့ ထရန့်က ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။