ဒရာမာဆန်မယ့် အဲဗာတန်နဲ့ ပွဲစဉ်ရက် ထွက်ပေါ်၊ အဝေးကွင်း ၅ ပွဲဆက် ယှဉ်ပြိုင်ရနိုင်တဲ့ လီဗာပူး

မာဆေးဆိုဒ်ဒါဘီပွဲစဉ်နဲ့တကွ ရွေ့ဆိုင်းလိုက်တဲ့ အခြားသော ပွဲစဉ် ၂ ပွဲရဲ့ ပွဲရက်တွေနဲ့ အချိန်တွေ အတည်ပြု ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

မတ်လ ၁၇ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် အဲဗာတန် vs လီဗာပူးပွဲစဉ်ဟာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲဖြင့် တိုက်နေခဲ့တာကြောင့် နောက်ဆုတ်ခဲ့ရတာပါ။

ပွဲစဉ်ကို ပြန်လည် အစားထိုးဖို့ကလည်း ပွဲချိန်တွေ ကျပ်တည်းလွန်းနေတာကြောင့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ၂ ပွဲကြားထဲ ထည့်ဖို့ပဲ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဧပရယ်လထဲမှာ လီဗာပူးအသင်းဟာ အဝေးကွင်းပွဲ ၄ ပွဲဆက်တိုက် ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ဧပရယ်လ ၁၈ ရက်နေ့မှာ အတ္တလန်တာနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဝေးကွင်းအပြီး ဧပရယ်လ ၂၁ ရက်နေ့မှာ ဖူလ်ဟမ်၊ ဧပရယ်လ ၂၄ ရက်နေ့မှာ အဲဗာတန်၊ ဧပရယ်လ ၂၇ ရက်နေ့မှာ ဝက်စ်ဟမ်းတို့ကို ဆက်တိုက် ယှဉ်ပြိုင်ရပါမယ်။

ဧပရယ်လထဲမှာ ယူနိုက်တက်ကို အဝေးကွင်း သွားကန်ရတဲ့ပွဲကလွဲလို့ အင်အားကြီး ပြိုင်ဘက် မရှိပေမယ့်လည်း ကစားရမယ့် ပွဲအားလုံးကို အနိုင်ရမယ်ဆိုရင် လီဗာပူးရဲ့ ပြိုင်ပွဲ ၂ ရပ်အတွင်း ချန်ပီယံဖြစ်နိုင်ချေဟာ မြင့်မားလာပါလိမ့်မယ်။

မေလထဲမှာတော့ နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲအဖြစ် စပါး၊ အက်စတွန်ဗီလာ၊ ဝုဗ်ပွဲတွေ ကျန်ရှိပါမယ်။

ယူရိုပါလိဂ် မဲခွဲမှုတွေအရ အတ္တလန်တာကို ကျော်ဖြတ်လို့ လီဗာပူးအသင်း ဆီမီးဖိုင်နယ် တက်ရောက်နိုင်ရင် မေလ ၂ ရက်နေ့မှာ အဝေးကွင်းပွဲ ပထမဆုံး ကစားရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အဝေးကွင်း ၅ ပွဲဆက်တိုက် ကစားရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

၂၄ ရက်အတွင်း ၈ ပွဲကစားရတော့မယ့် လီဗာပူးအသင်းမှာ ထရန့်၊ ဂျိုတာတို့ ပြန်လည် ပွဲထွက်ပေးဖို့ နီးစပ်လာနေတာကတော့ သတင်းကောင်းပဲ ဖြစ်ပါတယ်။

ဧပရယ်လ လီဗာပူးအသင်း ပွဲစဉ်ဇယား

  • မတ်လ ၃၁ ရက်၊ ဘရိုက်တန် (PL) (H)
  • ဧပရယ်လ ၄ ရက်၊ ရှက်ဖီး (PL) (H)
  • ဧပရယ်လ ၇ ရက်၊ ယူနိုက်တက် (PL) (A)
  • ဧပရယ်လ ၁၁ ရက်၊ အတ္တလန်တာ (EL) (H)
  • ဧပရယ်လ ၁၄ ရက်၊ ပဲလေစ့် (PL) (H)
  • ဧပရယ်လ ၁၈ ရက်၊ အတ္တလန်တာ (EL) (A)
  • ဧပရယ်လ ၂၁ ရက်၊ ဖူလ်ဟမ် (PL) (A)
  • ဧပရယ်လ ၂၄ ရက်၊ အဲဗာတန် (PL) (A)
  • ဧပရယ်လ ၂၇ ရက်၊ ဝက်စ်ဟမ်း (PL) (A)