မတ်လ နိုင်ငံတကာ သီတင်းပတ် အပြီးမှာတော့ ကလပ်ပွဲစဉ်တွေ ဆက်တိုက် လာတော့မှာ ရာသီကုန်ထိပဲ ဖြစ်ပါတယ်။ ဒီကရှေ့ အနားရဖို့ ခက်ခဲသွားပြီး ၃ ရက် တစ်ပွဲနှုန်းလောက်ကို မေလအထိ ယှဉ်ပြိုင်ရတော့မှာပါ။
မတ်လ ၃၁ ရက်နေ့ ဘရိုက်တန်နဲ့ ပြန်လည် စတင်မယ့် ကလပ်ပွဲတွေအတွက် လီဗာပူးအသင်း ဒဏ်ရာရ ကစားသမားများ အခြေအနေ နောက်ဆုံးသိထားရမှုတွေကို ဖော်ပြသွားပါမယ်။
Darwin Nunez – ဥရုဂွေး လူစာရင်းကနေ ဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ပေမယ့် မပြင်းထန်ဘူးလို့ ယူဆရကာ ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်လာဦးမှာပါ။
Curtis Jones – ခြေကျင်းဝတ် ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကာတစ်ဂျုံးဟာ နိုင်ငံတကာသီတင်းပတ် အပြီးမှာ အသင်းလူစာရင်းထဲ ပြန်ပါလာဖို့ ရှိနေပါတယ်။
Trent Alexander-Arnold – ဘရိုက်တန်ပွဲကြို လူစာရင်းမှာ ပြန်ပါနိုင်မလား စောင့်ကြည့်ရပါမယ်။ ကစားသမား ကိုယ်တိုင်ကတော့ ယူနိုက်တက်ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
Diogo Jota – ဘရိုက်တန်နဲ့ပွဲဟာ ဂျိုတာ ပါဝင်လာနိုင်ဖို့ သိပ်စောပါသေးတယ်။ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲ ဒါမှမဟုတ် ဧပရယ်လဝက်လောက်ကျရင် ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။
Alisson Becker – သူ့ရဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးပေမယ့် ခပ်မြန်မြန် သက်သာလာဖွယ် မရှိသေးပါဘူး။ ဧပရယ်လလောက်မှာ ပြန်ကစားနိုင်မယ် မျှော်လင့်နေကြပါတယ်။
Stefan Bajcetic – ဒဏ်ရာကနေ ပြန်သက်သာလာနေကာ ဘောလုံးနဲ့အတူ လေ့ကျင့်ရေး ပြန်လုပ်ထားနိုင်ပါပြီ။ ဧပရယ်လထဲ စီနီယာအသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်နိုင်ဖွယ် ရှိပါတယ်။
Thiago Alcantara – ပြင်းထန် ဒဏ်ရာကြောင့် ဒီရာသီ ဘောလုံးပြန်ကစားပေးနိုင်ဖွယ် မရှိပါဘူး။ ရာသီကုန်မှာတော့ အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်ပါတယ်။
Joel Matip – ဒီဇင်ဘာမှာ ACL ဒဏ်ရာရခဲ့တဲ့ မာတစ်ဟာ ရာသီကုန်ထိ အနားယူရမှာဖြစ်ကာ ဒီနွေမှာ အသင်းနဲ့ စာချုပ်ကုန်မှာပါ။
Ben Doak – လီဗာပူး လူငယ်အသင်းအတွက် ကစားပေးရင်း ၂၀၂၃ ဒီဇင်ဘာမှာ ဒူးဒဏ်ရာရခဲ့တဲ့ ဗန်ဒုတ်ဟာ ရာသီကုန်ထိ အနားယူရဖို့ ရှိပါတယ်။