အန်ဖီးပွဲမှာ ဂန္တဝင်ပွဲ ကစားဖို့ ရောက်လာခဲ့တဲ့ တောရက်စ်က မီဒီယာတွေ့ဆုံမှုမှာ အသင်းဖော်ဟောင်း အလွန်ဆိုအကြောင်း မေးခံခဲ့ရပါတယ်။
လက်ရှိ လေဗာကူဆင်ကို ကိုင်တွယ်နေတဲ့ စပိန်သား အလွန်ဆိုဟာ တောရက်စ်နဲ့ ကလပ်မှာကော လက်ရွေးစင်မှာပါ တွဲဘက်ကစားခဲ့သူပါ။ သူဟာ ဒီနွေမှာ လီဗာပူးအသင်းထံ ရောက်လာမယ်လို့ သတင်းကြီးနေသူ ဖြစ်ပါတယ်။
” အလွန်ဆို လုပ်ပြနေတာတွေက သိပ်ကောင်းပါတယ်။ ကစားသမားကောင်းဖြစ်ခဲ့သလို မန်နေဂျာကောင်း တစ်ဦးလည်း ဖြစ်ပါတယ် ” လို့ တောရက်စ်က အလွန်ဆိုနဲ့ ပတ်သက်ပြီး ထင်မြင်ချက် ပေးပါတယ်။
အလွန်ဆိုကို ခေါ်ယူလိုနေတာ လီဗာပူးတင် မဟုတ်ပါဘူး။ လေဗာကူဆင်ကလည်း ဆက်ဆွဲထားလိုသလို ဘိုင်ယန်မြူးနစ်ကလည်း လီဗာပူးနဲ့အပြိုင် ခေါ်ယူလိုနေတာပါ။ အလွန်ဆိုမှာ သိပ်ကောင်းတဲ့ အနာဂတ် ရှိပါတယ်လို့ တောရက်စ်က မြင်ပါတယ်။
” သူက လူကောင်းတစ်ယောက်ပါ။ သူနဲ့ ကောင်းမွန်တဲ့ သူငယ်ချင်း ဆက်ဆံရေးလည်း ရှိထားပါတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်ဖို့လည်း ဆုတောင်းပေးပါတယ်။
ဆိုစီဒက် အကယ်ဒမီမှာတည်းက သူ ကိစ္စတွေ အကောင်းဆုံး လုပ်ဆောင်နေတာကို မြင်ခဲ့ပါတယ်။ အခုဆိုရင် သူက ကမ္ဘာ့အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ဦး ဖြစ်လို့နေပါပြီ။
သူ့က ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ရှုံးပွဲလည်း မရှိသေးဘူး။ သူ့ရဲ့ အနာဂတ်က တောက်ပနေပါတယ် ” လို့ တောရက်စ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီနွေမှာ ဘိုင်ယန်နဲ့တကွ အခြား အသင်းတွေကို ကျော်ပြီး အလွန်ဆို လီဗာပူးအသင်းထံ ရောက်လာဖို့ တောရက်စ်၊ ဂျရတ်တို့ထံက စည်းရုံးပေးမှုမျိုး ရှိလာဖို့လည်း မျှော်လင့်ရတာ ဖြစ်ပါတယ်။