ကင်းထောက် ၂ ဦးပါ ခေါ်လာမယ့် ရစ်ချက်ဟုချ်၊ ပွဲစဉ်ဇယားကိစ္စ အသင်းတွေ တင်းမာနေကြခြင်း၊ အီဂျစ်ဆို ပိရမစ်နဲ့ ဆာလာပဲ သိတဲ့ မိုဒရစ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အီဂျစ်ပွဲကြိုမှာ အီဂျစ်အကြောင်း ဘယ်လောက်သိလဲလို့ မေးခံရချိန် မိုဒရစ်က “ကျနော် အများကြီး မသိပါဘူး။ ပိရမစ်တွေရယ် နောက် မိုဆာလာလောက်ပဲ သိပါတယ် ” လို့ တုန့်ပြန်ပါတယ်။

လီဗာပူးအသင်း ဒေတာအဖွဲ့ဟာ စပို့တင်းနည်းပြ အာမိုရင်းကို အတော်လေး သဘောကျမှု ရှိနေပါတယ်။ ဧပရယ်လ နောက်ပိုင်းမှာတော့ ကလပ်ရဲ့ ဦးစားပေး ပစ်မှတ်က ဘယ်နည်းပြဖြစ်မလဲ ကွဲပြားလာနိုင်ပါတယ်။

အားကစားဒရိုက်တာ ရစ်ချက်ဟုချ်ဟာ ဘုန်းမောက်အသင်းမှ ကင်းထောက်ချုပ် Mark Burchill အပြင် ကင်းထောက် Craig McKee ကိုပါ လီဗာပူးအသင်းထံ သူနဲ့အတူ ခေါ်ယူလာမှာ ဖြစ်ပါတယ်။

နိုင်ငံတကာသီတင်းပတ်မှာ အယ်လီဆန်ကို သူ့ရဲ့ သားဖြစ်သူနဲ့ အနားယူနေတာကို မြင်တွေ့နေရပါတယ်။

ဘာ့ဂျ်ဆဲတစ်ကတော့ နိုင်ငံတကာသီတင်းပတ်အပြီး ရောက်လာတော့မယ့် လေ့ကျင့်ရေးတွေအတွက် မစောင့်နိုင်တော့တဲ့ သဘောမျိုးကို အင်စတာဂရမ်ကနေ ဖော်ပြလာပါတယ်။

စတီဗင်ဂျရတ်ဟာ လီဗာပူးအတွက် ရန်ပုံငွေပွဲ ကစားပေးနိုင်ဖို့အတွက် အခုချိန်ထိ ကစီဓါတ်ပါတဲ့ အစားအစာနဲ့ ဘီယာကို ရှောင်ရှားနေဆဲလို့ သိရပါတယ်။

တရက်မှာ လီဗာပူးမန်နေဂျာအဖြစ် တာဝန်ယူလိုစိတ် ရှိသလား မေးခံရချိန်မှာ တောရက်စ်ကတော့ ” ဒါဟာ ကိစ္စကြီးဖြစ်ပါတယ်။ ကျနော်က အခုမှ သင်ယူဆဲ၊ လေ့လာဆဲပါ။ လီဗာပူးအသင်းကို နည်းပြဖို့ကတော့ ခြားနားတဲ့ ကိစ္စကြီးပဲ ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်ဇယား ပြန်လည် ရွေးဆွဲအပြီးမှာ ကလပ်တာဝန်ရှိသူတွေရဲ့ မကျေနပ်ချက်တွေ များနေတယ်လို့ သိရပါတယ်။ ထိပ်ဆုံး ၃ သင်းကြားမှာလည်း သူက ပွဲချောင်တယ်၊ ငါက ပွဲကြပ်တယ်ဆိုပြီး တင်းမာနေကြပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်ပွဲမှာ အာတီတာရဲ့ အသင်း အနိုင်ရဖို့ကိုပဲ အားပေးဦးမယ်လို့ ကာရေဂါက ပြောပါတယ်။ သူကတော့ စီးတီးက ပိုအားကောင်းတဲ့ ပြိုင်ဘက်ဖြစ်တာမို့ တတ်နိုင်သလောက် ရမှတ်ပြတ်နေလေ ပိုကောင်းလေလို့ ဆိုပါတယ်။

ပြင်သစ်နဲ့ ချီလီပွဲစဉ်မှာ ခံစစ်မှူး ကိုနတေး ပွဲထွက်လူစာရင်းကနေ ပါဝင်သွားမှာ ဖြစ်ပါတယ်။