စတီဗင်ဂျရတ်က အန်ဖီးကွင်းထံ ပြန်လာရတဲ့ သူ့ရဲ့ ခံစားချက်ကို ထုတ်ပြောလာခဲ့သလို ပရိသတ်တွေရှေ့ ဘောလုံးပြန်ကစားရတဲ့ ခံစားချက်က သိပ်ကို ချိုမြိန်တယ်လို့ ဖွင့်ဟလာပါတယ်။
” အန်ဖီးကွင်းက ပရိသတ်တွေရှေ့မှာ နောက်တစ်ကြိမ် ထပ်ပြီး ကစားပေးခွင့် ရခဲ့ပါတယ်။ သိပ်ကို ကျေနပ်ဖို့ ကောင်းပါတယ်။ ” လို့ လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ ဂျရတ်က ပြောပါတယ်။
အသက် ၄၃ နှစ်အရွယ် လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဟာ ရန်ပုံငွေပွဲတွေမှာ ကွင်းလယ် အဓိက ထောက်တိုင်အဖြစ် အမြဲတမ်း ပါဝင်ကစားပေးနေတာပါ။ ဒါပေမယ့် အသက်အရွယ်အရ နောက်ထပ် ၂ ကြိမ်လောက်ပဲ အင်ပြည့်အားပြည့် ကစားပေးနိုင်တော့မှာကို သူကိုယ်တိုင်လည်း သိထားပါတယ်။
တစ်နှစ်မှ တစ်ကြိမ်လောက် ကန်ရတဲ့ ရန်ပုံငွေပွဲအတွက် ရုပ်ပိုင်းဆိုင်ရာ အပြည့်အဝ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားတဲ့အကြောင်းကိုလည်း ထုတ်ပြောခဲ့ပါတယ်။
” ကျနော် လေကြောင်းနဲ့ ဆော်ဒီကနေ ဒီကို ပြန်လာတာပါ။ ၆ နာရီခွဲလောက် စီးလိုက်ရပါတယ်။ အန်ဖီးကို ပြန်လာရဖို့ မစောင့်နိုင်အောင်ပါပဲ။ ဒီပွဲက ကျနော်အတွက် အဓိပ္ပာယ် အများကြီး ရှိပါတယ်။
အန်ဖီး ပရိသတ်တွေရှေ့မှာ ကျနော် နောက်ထပ် ၂ ကြိမ်လောက်ပဲ ကစားပေးနိုင်တော့မယ်ဆိုတာကို သိပါတယ်။ ဒါကြောင့် ကစီဓါတ်တွေပါတဲ့ အစားအသောက်တွေကို အခုချိန်ထိ ရှောင်ပါတယ်၊ ဘီယာလည်း ရှောင်ပါတယ်။
အန်ဖီးကွင်း ပတ်လည်ကို ကြည့်ပြီး ကျနော် ဆက်ပြီး ကစားပေးနိုင်မယ့် အခွင့်အရေး နည်းသည်ထက် နည်းလာပြီ ဆိုတာကို တွေးနေမိပါတယ်။ ဒီလို ကစားရတာ သိပ်ကောင်းပါတယ် ” လို့ ဂျရတ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်ကြိမ် အေဂျက်ကို ၄-၂ နဲ့ အနိုင်ရတဲ့ပွဲမှာ ပါဝင်ခဲ့တဲ့ တောရက်စ်ကတော့ နောက်နှစ်မှာလည်း ဒီလို ထပ်မံ ကစားနိုင်ဖို့ အားထုတ်သွားမယ်လို့ ဆိုခဲ့သေးတာ ဖြစ်ပါတယ်။