လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးမယ့် မန်နေဂျာသစ်ဖြစ်သူကို အသင်းရဲ့ လမ်းစဉ်တွေအတိုင်း ရှာဖွေမှာဖြစ်ပြီး ပုဂ္ဂိုလ်ရေးဘက်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းကတော့ ကလော့ပ်ရဲ့ ပုံတူကိုယ်ပွားရဖို့ ရှာဖွေမှာ မဟုတ်ဘဲ ကလပ်ကို ဦးဆောင်နိုင်မယ့်သူ နောက်ထပ် ခေတ်သစ်တစ်ခုကို ဖော်ဆောင်မှာလို့ ပြောဆိုထားပြီးပါပြီ။
ဒေတာပိုင်းမှာ နာမည်ကြီးလှတဲ့ လီဗာပူးအသင်းဟာ ကို်ယ်ပိုင် စိစစ်မှုတွေ ပြုလုပ်နေဆဲဖြစ်ကာ ဧပရယ်နဲ့ မေလတွေမှာတော့ ကလပ် ဦးစားပေး ကမ်းလှမ်းမယ့် မန်နေဂျာက ဘယ်သူဖြစ်လာမလဲ မြင်ရဖို့ ရှိနေတာဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်ကို ကြီးကြပ်ဖို့ အားကစားဒါရိုက်တာ အဖြစ် ရစ်ချက်ဟုချ်ကို ခေါ်ယူထားသလို မိုက်ကယ်အတ်ဝပ်ကလည်း လီဗာပူးထံ ပြန်ရောက်လာပြီဖြစ်ပါတယ်။ သူတို့တင် မဟုတ်ဘဲ လီဗာပူးအသင်းရဲ့ အထက်ပိုင်း ဝန်ထမ်းတွေကလည်း မန်နေဂျာသစ် ရှာဖွေမှုမှာ ပူးပေါင်း လုပ်ဆောင်သွားမှာပါ။
ဒီကာလတွေအတွင်း လီဗာပူးပရိသတ်တွေက အသင်းကစားသမားဟောင်းဖြစ်တဲ့ အလွန်ဆိုကို ကလော့ပ်နေရာ ဆက်ခံသူအဖြစ် အလေးသာနေကြပါတယ်။ လီဗာပူးအသင်းကလည်း အလွန်ဆို အပါအဝင် ကလပ်ရဲ့ ပစ်မှတ်တွေကို နောက်ကြောင်း စလိုက်နေပါပြီ။
မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့က စပို့တင်းရဲ့ မန်နေဂျာ အာမိုရင်းကိုလည်း အတော်လေး သဘောကျနေကြပါတယ်။ အသင်းရဲ့ ပစ်မှတ်ထဲမှာ ဒီဇာဘီနဲ့တကွ များစွာသော မန်နေဂျာတွေလည်း ပါဝင်ထားတာပါ။
လီဗာပူးအသင်းရဲ့ ဦးတည်ချက်ကတော့ နောက်ရာသီ ကလော့ပ် နေရာ အစားဝင်လာမယ့် မန်နေဂျာနဲ့အတူ အောင်မြင်တဲ့ ခေတ်သစ်တစ်ခုကို ထပ်မံကာ ပူးပေါင်း လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။
မန်နေဂျာသစ်က ပရိသတ်ကြိုက်တဲ့ အလွန်ဆိုပဲ ဖြစ်ရမယ်လို့ မဟုတ်ဘဲ မှန်ကန်တဲ့ အကျင့်စရိုက်နဲ့ အတွေးအခေါ်ရှိပြီး လီဗာပူးစနစ်နဲ့ အံဝင်သူကို ဦးစားပေး ချိတ်ဆက်ဖို့ ကလပ်ဘက်က ကြိုးစားမှာပါ။
ကလော့ပ် လက်ထက်မှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့သလို ဆုဖလားတွေကို ပုံမှန် စိန်ခေါ်နိုင်စွမ်းရှိထားတာမို့ သူ့နေရာ အစားထိုးရေးဟာ သတိကြီးထားရမယ့် ခက်ခဲတဲ့ လုပ်ငန်းစဉ်ဖြစ်မယ် ဆိုတာကိုလည်း လီဗာပူး တာဝန်ရှိသူတွေက နားလည်ထားတာ ဖြစ်ပါတယ်။