ဖလော်ရီယန် ဝက်ဇ်၊ ကု(ပ်)မိုင်းနားတို့နဲ့ လီဗာပူး အပြောင်းအရွှေ့ အခြေအနေ

ဒီအပတ် CaughtOffside အတွက် ရိုမန်နိုက လီဗာပူးအသင်း အပြောင်းအရွှေ့ သတင်း အချို့ကို ဖော်ပြခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ လေဗာကူဆင် ကစားသမား ဖလော်ရီယန် ဝက်ဇ်နဲ့ သတင်းထွက်ခဲ့တာတွေ ရှိပါတယ်။ သူဟာ ဒီရာသီမှာလည်း ကိုယ်တိုင် ၇ ဂိုးသွင်း၊ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်ထားကာ လေဗာကူဆင်နဲ့ အမှတ်ပေးဖလားရဖို့ ရေပန်းစားနေတာပါ။

ရာသီကုန်ရင် သူနဲ့တကွ အလွန်ဆိုတို့ အန်ဖီးထံ ပြောင်းရွှေ့လာဖို့ လီဗာပူးပရိသတ်တွေ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ရိုမန်နိုကတော့ “ ဖလော်ရီယန် ဝက်ဇ်က သူ့အနာဂတ်အကြောင်း စကားပြောထားခဲ့ပြီး သူ့ရဲ့ ပလန်ကတော့ လေဗာကူဆင်မှာပဲ ဆက်နေဖို့ဖြစ်ပါတယ်။ ကျနော်ကတော့ အဲ့လိုပဲ သိထားပါတယ်။ သူက လေဗာကူဆင်နဲ့ ယူရို အတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။

ကစားသမားနဲ့ နီးစပ်တဲ့သူတွေထံက သိရသလောက်တော့ သူက အသင်းပြောင်းဖို့ထက် လေဗာကူဆင်မှာပဲ အနည်းဆုံး ၁ နှစ် ဆက်နေလိုပါတယ်။ ဘောလုံးဆိုတာ ဘာတွေဖြစ်လာမယ် ကြိုမပြောနိုင်ပေမယ့် လေဗာကူဆင်မှာ သူဆက်နေဖို့ များပါတယ် ” လို့ ပြောလာတာပါ။

မထင်မှတ်တဲ့ အပြောင်းအရွှေ့ဖြစ်တော့ လီဗာပူးအသင်းဟာ အတ္တလန်တာ အသင်းမှ နယ်သာလန်သား ကွင်းလယ်လူ ကု(ပ်)မိုင်းနားကို စိတ်ဝင်စားနေတယ်လို့ သူက ပြောပါတယ်။

“ Koopmeiners ကို ခေါ်ယူဖို့ ဂျူဗင်တပ်က ရေပန်းစားနေပါတယ်။ ဂျူဗင်တပ်က သူ့ကို ကာလရှည် စိတ်ဝင်စားထားသလို ကစားသမားက အတ္တလန်တာအသင်းနဲ့ ဆက်ဆံရေးကောင်း ရှိပါတယ်။

လီဗာပူးကလည်း သူ့ကို ထပ်ပြီး ကင်းထောက်နေပါတယ်။ သူ့ကို ခေါ်ယူမလားဆိုတာကတော့ ကလော့ပ်နေရာ အစားဝင်လာမယ့် မန်နေဂျာနဲ့ပဲ ဆိုင်ပါတယ်။ မန်နေဂျာရဲ့ ဆုံးဖြတ်ချက် မပါဘဲ လီဗာပူးအသင်း ပလန်ချလာဖို့က သိပ်စောလွန်းပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ကု(ပ်)မိုင်းနားဟာ ကွင်းလယ် နေရာစုံမှာ ကစားနိုင်ပြီး သူကိုယ်တိုင်ကတော့ လာမယ့်ရာသီ ပရီးမီးယားလိဂ်ထံ ပြောင်းကစားလိုကြောင်း ထုတ်ပြောထားတာ ဖြစ်ပါတယ်။