ဂက်ပို မီးမောင်းထိုးပြလိုက်တဲ့ ကွင်းလယ်ပြဿနာ၊ ဂုဏ်သိက္ခာပိုင်း အဖတ်ဆယ်နိုင်တဲ့ ခံစစ်အတွဲ၊ အယ်လီဆန်ကို ချီးကျူးသင့်ခြင်းနဲ့ ပြောစရာ ကိစ္စ (၃) ရပ်

ကွင်းလယ်ပြဿနာကို မီးမောင်းထိုးပြလိုက်တဲ့ ဂက်ပို

နယ်သာလန်သားဟာ သူ့ရဲ့ မကြာသေးတဲ့ လီဗာပူးကစားသမားဘဝအတွင်း မတူညီတဲ့ နေရာတစ်ခုကို ပြောင်းလဲကစားဖို့ ထပ်မံ တောင်းဆိုခံခဲ့ရပါတယ်။ ဘယ်တောင်ပံ၊ ညာတောင်ပံ၊ အထောင်တိုက်စစ်မှူး အနေနဲ့ပါ ကစားခဲ့ဖူးပြီးဖြစ်တဲ့ ဂက်ပိုဟာ အခုတဖန် ကွင်းလယ်ညာခြမ်းမှာ ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။

သူ့အရပ်အမောင်းကြောင့် တည်ကန်ဘောတွေ ခုခံကာကွယ်ရာမှာ အကူအညီဖြစ်ပေမယ့် ဖိအားပေးဖို့ ပြင်းထန်တဲ့ ပြေးနှုန်းတွေနဲ့ နောက်က လိုက်ပြေးရတာမျိုးက သူ့ရဲ့ အားသာချက် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ပြိုင်ဘက်အသင်းရဲ့ အနေအထား၊ ဟန်ဒါဆန် ကြံ့ခိုင်မှု မပြည့်ဝခြင်းကြောင့် ကလော့ပ်အတွက် တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး။

ဘရန့်ဖို့ဒ်ရဲ့ ချဉ်းကပ်ပုံမှာ ဖာဘင်ညိုက ထပ်ပြီး အထင်ကြီးစရာ ဖြစ်ခဲ့တာကြောင့် ထရန့်ဟာ နောက်ပိုင်းမှာ ဗဟိုနေရာတွေထဲ ဝင်ကစားတာထက် ညာနောက်တန်း တာဝန်တွေကို ပိုပြီး အာရုံစိုက်ခဲ့ရပါတယ်။

နောက်ရာသီကျရင် ထရန့် ဘယ်နေရာမှာ ကစားမလဲဆိုတာက နွေရာသီအတွင်း လီဗာပူး ခေါ်ယူတဲ့ ကစားသမားတွေအပေါ် မူတည်လိမ့်မယ်လို့ ကလော့ပ်က အရိပ်အမြွက် ပေးခဲ့ပါတယ်။ သေချာတာက လီဗာပူးရဲ့ အားဖြည့်မှုက ဘာဖြစ်လာမယ်လို့ ပြောနိုင်သေးခြင်း မရှိပါဘူး။

ပြန်အဖတ်ဆယ်နိုင်ခဲ့တဲ့ ကိုနတေးနဲ့ ဗန်ဒိုက်

ပထမအကျော့တုန်းက ဘရန့်ဖို့ဒ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဟာ လီဗာပူးကို အထိန်းအကွပ်မဲ့ အခြေအနေထဲ ရောက်သွားစေခဲ့ဖူးပါတယ်။ အဲ့ဒီ့ညဟာ ကိုနတေးနဲ့ ဗန်ဒိုက်အတွက် ပိုလို့ အိမ်မက်ဆိုးဖြစ်စေခဲ့ပြီး ကိုနတေးက own goal တောင် သွင်းမိခဲ့ပြီးတော့ နောက်တစ်ဂိုးမှာလည်း သူ့အမှားမကင်းခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်ကတော့ တံကေက်ကြောဒဏ်ရာ ရခဲ့တာကြောင့် ထိုင်ကြည့်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။

အခုပွဲဟာ သူတို့ နှစ်ဦးအတွက် ချိုမြိန်တဲ့နိုင်ပွဲ ဖြစ်စေမှာပါ။ တည်ကန်ဘော ကျွမ်းကျင်သူတွေဖြစ်တဲ့ ဘရန့်ဖို့ဒ်တို့ ဖရီးကစ် အကြိမ်၂၀ ရခဲ့တာက လီဗာပူးခံစစ်ကို အတော်လေး အလုပ်ရှုပ်စေခဲ့တာပါ။ နောက်ခံလူတွေဟာ ပြိုင်ဘက်ရဲ့ တည်ကန်ဘောတွေကို ကြံ့ကြံ့ခံ ဟန့်တားနိုင်ခဲ့ပါတယ်။

အယ်လီဆန်ရဲ့ သမိုင်းမှတ်တိုင်

နှစ်ပွဲဆက် clean sheet ရခဲ့တဲ့ ဘရာဇီးဂိုးသမားအတွက် ပြိုင်ပွဲစုံ ဂိုးမပေးရတဲ့အကြိမ် ၁၀၀ မြောက် ဖြစ်ခဲ့ပါတယ်။ အသင်းဖော်အများစုက ခြေစွမ်း ယိမ်းယိုင်နေပြီး တချို့က မယုံနိုင်စရာကောင်းအောင် ခြေစွမ်း ပျောက်ဆုံးနေချိန်မှာ အယ်လီဆန်ကတော့ တရာသီလုံး တည်ငြိမ်တဲ့ စွမ်းဆောင်ရည် အဆင့်အတန်းကို ထိန်းထားခဲ့ပါတယ်။

အယ်လီဆန်ရဲ့ ရှေ့ထွက်ကာကွယ်လိုစိတ်၊ ထိန်းသိမ်းကိုင်တွယ်တတ်ပုံတွေက တည်ကန်ဘောတွေ၊ တန်ပြန်တိုက်စစ်တွေကနေ ဧည့်သည်အသင်းရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီးနိုင်ခဲ့တာပါ။ အချိန်ဆွဲတယ်ဆိုပြီး သူ ရှားရှားပါးပါး အဝါကဒ်ရလိုက်တာဟာ ဒီလီဗာပူးအသင်းရဲ့ အနိုင်ရလိုစိတ် ပြင်းပြမှု ပြန်လည်ရှာတွေ့သွားတာကို ထင်ရှားစေခဲ့ပါတယ်။

အခုဆို အသင်းဟာ ၆ပွဲဆက် အနိုင်ရလဒ်နဲ့အတူ အဆင့် ၅ နေရာကို ကိုင်စွဲထားနိုင်ပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်က မဖြစ်နိုင်လောက်ဘူးဆိုပေမယ့် ဥရောပပြိုင်ပွဲတစ်ခု ကစားရဖို့ကတော့ သေချာဖို့ ပိုများပါတယ်။ လီဗာပူး ဒီလို ပြန်တောက်ပလာနိုင်ခြင်းဟာ အယ်လီဆန်ရဲ့ အရည်အချင်းကြောင့်လို့ ပြောဖို့က ထိုက်တန်ပါတယ်။