မန်စီးတီး – အာဆင်နယ်တို့ ထိပ်တိုက်တွေ့မယ့် ဒီအပတ်ပွဲမှာ ကာရေဂါက ဘယ်အသင်းကို နိုင်စေချင်နေသလဲ

ဒီတပတ် နိုင်ငံပွဲတွေ ပြီးရင် လာမယ့် တနင်္ဂနွေနေ့ အီတီဟက်မှာ မန်စီးတီး နဲ့ အာဆင်နယ် တို့ ပရီးမီးယားလိဂ် ပွဲ အဖြစ် ထိပ်တိုက်တွေ့ဖို့ ရှိပြီး Title race အတွက် အရေးပါတဲ့ ပွဲ ဖြစ်လာပါမယ်။

လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ် ချန်ပီယံ လုဘက်တွေ ဖြစ်နေတဲ့ စီးတီးနဲ့ အာဆင်နယ်တို့ တွေ့တဲ့ ပွဲမှာ လီဗာပူးက ဘယ်အသင်း အနိုင်ရဖို့ ဆုတောင်းနေမလဲ ဆိုတာ နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါ က သူ့ ဖီလင်ကို ထုတ်ဖော် ပြောဆိုလာပါတယ်။

လီဗာပူး၊ အာဆင်နယ်နဲ့ မန်စီးတီး တို့ ထိပ်ဆုံး ၃ သင်းဟာ ရာသီသိမ်း ပန်းဝင်ခါနီးမှာ ဇယားထိပ် ပထမ နေရာမှာ ရှိနေဖို့ အတော်လေး အားထုတ်လာကြကာ ရလဒ်ကောင်းတွေ ဆက်တိုက် ယူလာနိုင်ကြပါတယ်။

ဒီတစ်ကြိမ် ထိပ်သီး ၂ သင်းကြား တွေ့ဆုံချိန် လီဗာပူးအသင်း ကြားထဲက အမြတ်ထုတ်နိုင်ဖို့ ကြိုးစားရတော့မှာပါ။

သရေကလည်း ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် အနိုင်ရမယ်ဆိုရင် အာဆင်နယ်ကို အနိုင်ရစေချင်တယ်လို့ လီဗာပူး နောက်ခံ လူဟောင်း ကာရေဂါက ဆိုပါတယ်။

” အာဆင်နယ် အသင်း ထိပ်ဆုံးမှာ ရှိနေတယ် ဆိုပေမယ့် လီဗာပူးအသင်းကတော့ ဒီပွဲမှာ စီးတီးထက် အာဆင်နယ် အနိုင်ရသွားတာ မြင်ချင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ စီးတီးရဲ့ ရာသီသိမ်း ပွဲစဉ် ၅ ပွဲ၊ ၆ ပွဲလောက်မှာ သူတို့က ရနိုင်တဲ့ အမြင့်ဆုံး အမှတ်တွေကို ရသွားနိုင်လို့ပါ။ နောက်အပတ်တွေမှာ မန်စီးတီးအသင်း ရမှတ်တွေ မလျော့ဘူးဆိုရင် သူတို့ကို ရပ်တန့်ဖို့က သိပ်ကို ခက်ခဲသွားပါလိမ့်မယ်။

အကယ်လို့ စီးတီးက အာဆင်နယ်ကို အနိုင်ရလိုက်ရင် ဂွာဒီယိုလာရဲ့ အသင်းက ဖလားအောင်မြင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ မြင်ပါတယ်။

ကျနော်ကတော့ ရာသီသိမ်းခါနီး ၅ ပွဲ ၆ ပွဲအလိုမှာ အာဆင်နယ်နဲ့ လီဗာပူးက စီးတီးကို ၃ မှတ် ဒါမှမဟုတ် ၄ မှတ် ဖြတ်ထားနိုင်ဖို့ လိုမယ် ထင်ပါတယ်။ ” လို့ ကာရေဂါက သုံးသပ် မှတ်ချက်ပေးခဲ့တာပါ။

လက်ရှိမှာ အာဆင်နယ်နဲ့ လီဗာပူးကြား ဂိုးကွာဟချက်ပဲ ရှိထားတာ ဖြစ်သလို မန်စီးတီးကလည်း သူတို့ နှစ်သင်းနောက် ၁ မှတ်အကွာနဲ့ ဖိအားပေးနေတာ ဖြစ်ပါတယ်။