

ဖူလ်ဟမ်အသင်း ကွင်းလယ်လူ ပါလင်ညာကတော့ လီဗာပူးအသင်း စောင့်ကြည့်စာရင်းထဲ ပါဝင်နေတဲ့ စပို့တင်းနည်းပြ အာမိုရင်းဟာ ကလော့ပ်နေရာ ဆက်ခံနိုင်ဖို့ အရည်အချင်း ရှိပါတယ်လို့ ထောက်ခံလိုက်ပါတယ်။
ဒါပေမယ့် လီဗာပူးအသင်းဟာ ကမ္ဘာ့ထိပ်သီးအသင်း ဖြစ်တာကြောင့် ပေါ်တူဂီကလပ်မှာ အာမိုရင်း ရင်ဆိုင်ရတဲ့ ဖိအားတွေနဲ့ အများကြီး ကွာခြားမှာဖြစ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။
ပါလင်ညာက “ ပေါ်တူဂီရဲ့ အသင်းကြီးတစ်သင်းကို နည်းပြနေရတာမို့ ပရိသတ်တွေနဲ့ ကလပ်ရဲ့ အင်အားက နိုင်ပွဲတွေယူဖို့ ဖိအားကြီးတွေ ရှိမှာပါပဲ။
အာမိုရင်းက လီဗာပူးကိုလည်း နည်းပြအဖြစ် ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ဖိအားကတော့ တူမှာ မဟုတ်ဘူးပေါ့။ လီဗာပူးလို အသင်းကို ကိုင်တွယ်မယ်ဆိုရင် ပရိသတ်တွေ၊ ကလပ်တွေအပြင် တစ်ကမ္ဘာလုံးက ပေးမယ့် ဖိအားတွေကိုပါ ရင်ဆိုင်ရတော့မှာပါ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်ပဲ ရှိသေးပေမယ့် အာမိုရင်းဟာ ပေါ်တူဂီဘောလုံးလောကမှာ ကျင်လည်လာခဲ့တာ ၅ နှစ်ကျော် ၆ နှစ်ရှိနေခဲ့ပြီဖြစ်ကာ အတွေ့အကြုံပိုင်းမှာ တန်းတစ်ခုတော့ ရှိနေသူပဲ ဖြစ်ပါတယ်။