စပိန်သားနည်းပြ ဇာဗီ အလွန်ဆိုဟာ လာမယ့်ရာသီ လေဗာကူဆင်မှာ ဆက်နေဖို့ ဆုံးဖြတ်ထားတာကြောင့် လီဗာပူးအသင်းက မန်နေဂျာသစ် ရှာဖွေမှုအား အခြားပစ်မှတ်တွေဘက် ဦးလှည့်တော့မှာ ဖြစ်ပါတယ်။
အန်ဖီးမှာ ၉ နှစ်ကြာ ရှိနေတဲ့ ယာဂင်ကလော့ပ် ဒီနွေမှာ နှုတ်ထွက်တော့မှာမို့ အသင်းဘက်က နည်းပြသစ် ရှာဖွေနေတာပါ။ နောက်ကွယ်မှာတော့ လီဗာပူး တာဝန်ရှိသူတွေဟာ အလွန်ဆို အပါအဝင် အသင်းရဲ့ ပစ်မှတ်တွေအတွက် နောက်ကြောင်းလိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဦးစားပေးဖြစ်တဲ့ အလွန်ဆိုက လေဗာကူဆင်မှာပဲ သူ့ရဲ့ မန်နေဂျာဘဝကို အချိန်အနည်းငယ် ဆက်ယူလိုနေကာ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်ထံ မပြောင်းဘူးလို့ အသိပေးလာခဲ့ပါတယ်။
လီဗာပူးအသင်းဟာ အလွန်ဆိုကို အဆင်မပြေရင် ဆက်လိုက်ဖို့ စပို့တင်းမှ အာမိုရင်းနဲ့ ဘရိုက်တန်မှ ဒီဇာဘီတို့ကိုလည်း ရွေးချယ်ထားသေးတာပါ။ နှစ်ဦးလုံးက ဥရောပရဲ့ အတောက်ပဆုံး လူငယ်နည်းပြတွေထဲ ထိပ်တန်းနေရာက ပါဝင်လာကြသူတွေ ဖြစ်ပါတယ်။
မိုက်ကယ်အတ်ဝပ်နဲ့ ရစ်ချက်ဟုချ်တို့က မှန်ကန်တဲ့ အကျင့်စရိုက်နဲ့ အတွေးအခေါ်ရှိပြီး လီဗာပူးစနစ်နဲ့ အံဝင်သူကို ချိတ်ဆက်ဖို့ ရည်ရွယ်ထားကြတယ်။ သူတို့ နှစ်ဦးလုံးက စပို့တင်းရဲ့ မန်နေဂျာ အာမိုရင်းကို အတော်လေး သဘောကျနေကြပါတယ်။
အသင်းရဲ့ ပစ်မှတ်ထဲမှာ ဒီဇာဘီနဲ့တကွ များစွာသော မန်နေဂျာတွေလည်း ပါဝင်ထားတာဖြစ်ကာ ဒီလတွေအတွင်း ဘယ်သူက အသင်းနဲ့အဆင်ပြေမလဲ ဆက်လက် ချိတ်ဆက်ကြဖွယ် ရှိနေပါတယ်။